နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိမ်ထောင်ဖက်လောင်းက ရိုက်နှက်ညှဉ်းဆဲတတ်သည့် ရာဇဝင် ရှိ၊ မရှိ ကြည့်နိုင်မည့်စနစ်ကို တရုတ်နိုင်ငံမြို့တစ်မြို့တွင် ဖော်ဆောင်

ဘေဂျင်း၊ ဇွန် ၂၅


အိမ်ထောင်ဖက်လောင်းက ရိုက်နှက်ညှဉ်းပန်းတတ်သည့် ရာဇဝင် ရှိ၊ မရှိ ကြည့်နိုင်မည့် စနစ်တစ်ရပ်ကို တရုတ်နိုင်ငံအရှေ့ပိုင်းရှိ မြို့တစ်မြို့တွင် စတင်အကောင်အထည်ဖော်ခဲ့သည်။ ကျီကျင်းပြည်နယ် ယီဝူမြို့တွင် နေထိုင်သည့် ဒေသခံများအနေဖြင့် ဇူလိုင်လ ၁ ရက်မှစ၍ စုံစမ်းစစ်ဆေးရေးဝန်ဆောင်မှုကို စတင်အသုံးပြုခွင့် ရရှိမည်ဖြစ်သည်။ 


အိမ်ထောင်ပြုရန် စီစဉ်နေသူများအနေဖြင့် ဖောင်ဖြည့်ရမည်ဖြစ်ပြီး ယင်းတို့၏အိမ်ထောင်ဖက်က မိသားစုဝင်များ သို့မဟုတ် အတူနေထိုင်သူများအပေါ်  ရိုက်နှက်နှိပ်စက်တတ်သည့် ရာဇဝင်ရှိ၊ မရှိ ဆိုခြင်းကို သိခွင့်ရရှိမည်ဖြစ်သည်။ မိမိ လက်ထပ်မည့်သူ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များနှင့် အသိအမှတ်ပြုကတ်ပြားပေးလိုက်ရုံဖြင့် ယင်း၏ရာဇဝင်ကို သိရမည်ဖြစ်သည်။ သို့သော် လူတစ်ဦးအနေဖြင့် တစ်နှစ်လျှင် အများဆုံး၂ ကြိမ်သာ စုံစမ်းခွင့်ရရှိမည်ဟု သတင်းများတွင် ဖော်ပြသည်။


ယီဝူမြို့ အမျိုးသမီးအဖွဲ့ချုပ်၏ အဖွဲ့ဝင်တစ်ယောက်ဖြစ်သည့် ကျိုးဒန်ယင်က အဆိုပါစနစ်ကို ကြိုဆိုခဲ့ပြီး မြို့ခံများကို အိမ်တွင်းအကြမ်းဖက်မှုမှ ကာကွယ်ပေးနိုင်အောင် ကူညီပေးနိုင်လိမ့်မည်ဟု ဆိုသည်။ ပြီးခဲ့သည့်လက ချမှတ်ခဲ့သည့် စည်းမျဉ်းတစ်ရပ်အရ အိမ်ထောင်ရှင် ကျား၊ မ ၂ ဦးစလုံးအနေဖြင့် ကွာရှင်းပြတ်စဲရန် လျှောက်ထားသည့်အခါ ယင်းတို့၏ဆုံးဖြတ်ချက်ကို ရက် ၃၀ အတွင်း ခေါင်းအေးအေးထားပြီး ပြန်စဉ်းစားရန် တိုက်တွန်းထားသည်။ 


အဆိုပါစည်းမျဉ်းမှာ   ၂၀၂၁ ခုနှစ်တွင် ဥပဒေအဖြစ် စတင်အကျုံးဝင်လာမည်ဖြစ်သည်။ အဆိုပါဥပဒေကြောင့် အိမ်တွင်းအကြမ်းဖက်ခံရသူများက ယင်းတို့ကြုံတွေ့ခံစားမှုများကို ထုတ်ပြောရန် ပိုခက်ခဲလာမည်ဆိုသည့် စိုးရိမ်ပူပန်မှုများရှိနေသည်။ တရုတ်နိုင်ငံတွင် အိမ်ထောင်သည်များ ကွာရှင်းပြတ်စဲရန် ပိုခက်ခဲလာခြင်းကြောင့် အိမ်တွင်းအကြမ်းဖက်မှုဒဏ်ခံစားရမည်ကို ပိုမိုစိုးရိမ်နေကြသည်။


KNT






အခြားဆက်စပ်သတင်းများ