နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗြိတိန်နိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအသစ်တစ်မျိုးကို လူသားများတွင် စမ်းသပ်ထိုးနှံ

လန်ဒန်၊ ဇွန် ၂၅


ဗြိတိန်နိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးသစ်တစ်မျိုးကို စေတနာ့ဝန်ထမ်းများအား စမ်းသပ် ထိုးနှံပေးလျက်ရှိသည်။ ပါမောက္ခ ရောဘတ်ရှက်တော့နှင့် လုပ်ဖော်ကိုင်ဖက်များ ဦးဆောင်သည့် ကာကွယ်ဆေး စမ်းသပ်ထိုးနှံပေးရေး အစီအစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် လာမည့်ရက်သတ္တပတ်များအတွင်း Imperial College London တွင် လူ ၃၀၀ နီးပါးကို ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်သည်။ 


အစောပိုင်းက တိရစ္ဆာန်များကို စမ်းသပ်ထိုးနှံပေးမှုအရ အဆိုပါကာကွယ်ဆေးမှာ ဘေးအန္တရာယ်ကင်းရှင်းပြီး ထိရောက်သည့် ကိုယ်ခံအားတုံ့ပြန်မှု ဖြစ်ပေါ်စေသည်ဟု ယူဆရသည်။ ပထမအဆင့် ကာကွယ်ဆေး စမ်းသပ်ထိုးနှံ ပြီးပါက လာမည့်အောက်တိုဘာလတွင် ဒုတိယအဆင့် ကာကွယ်ဆေးထိုးနှံမှု ဆောင်ရွက်မည်ဖြစ်ပြီး လူ ၆၀၀၀ နီးပါး စမ်းသပ်ထိုးနှံမှုခံယူမည်ဟု ဆိုသည်။ 


ပုံမှန်အားဖြင့် အာနိသင်လျှော့ချထားသည့် သို့မဟုတ် ပြုပြင်ထားသည့် ဗိုင်းရပ်စ်ကို အခြေခံပြီး ကာကွယ်ဆေးများ ထုတ်လုပ်ခြင်းဖြစ်သည်။ သို့သော် Imperial College London ၏ ကာကွယ်ဆေးမှာ ချဉ်းကပ်မှုပုံစံသစ်ကို အခြေခံထားခြင်းဖြစ်သည်။ ဗိုင်းရပ်စ်ကို ချုံ့ထားသည့် RNA ဟု ခေါ်သော မျိုးဗီဇကုတ် အမျှင်တုကို အသုံးပြုထားသည်။ 


ကြွက်သားထဲသို့ ထိုးသွင်းလိုက်ပါက RNA မှာ ကြီးထွားလာပြီး ပုံတူများ ပွားမည်ဖြစ်ကာ ဗိုင်းရပ်စ်၏ အပြင်ပန်းတွင် တွေ့ရသည့် ပရိုတိန်းစူးချွန်များကို ပုံတူပွားနိုင်စေရန် ခန္ဓာကိုယ်၏ ဆဲလ်များကိုလှုံ့ဆော် မည်ဖြစ်သည်။ ထို့ကြောင့် ခန္ဓာကိုယ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ထိုးသွင်းရန်မလိုဘဲ ကိုယ်ခံအားစနစ်က ဗိုင်းရပ်စ်ကို ခွဲခြားဖော်ထုတ်ပြီး တွန်းလှန်နိုင်တတ်လာအောင် လေ့ကျင့်ပေးနိုင်မည်ဟု ဆိုသည်။ 


အောက်စဖို့ဒ်တက္ကသိုလ်မှ ကျွမ်းကျင်ပညာရှင်များကလည်း လူသားများတွင် ကာကွယ်ဆေး ထိုးနှံစမ်းသပ် ခဲ့ပြီးဖြစ်သည်။ လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝန်း၌ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဖြစ်လာ နိုင်ဖွယ်ရှိသည့် ကာကွယ်ဆေး ၁၂၀ ကို စမ်းသပ်မှုများ ပြုလုပ်လျက်ရှိသည်။                                                              


KNT






အခြားဆက်စပ်သတင်းများ