နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဟာရပြည့်ဝစွာ စားသုံးရေး

ကမ္ဘာ့လူဦးရေ သန်း နှစ်ထောင်ခန့်မှာ အာဟာရပြဿနာ တစ်ခုခုကို ခံစားနေကြရပြီး နှစ်စဉ် ငါးနှစ်အောက်ကလေး ၂ ဒသမ ၆ သန်းခန့်မှာ အာဟာရချို့တဲ့မှုကြောင့် သေဆုံးလျက်ရှိပြီး ယင်းမှာ သေဆုံးမှုစုစုပေါင်း၏ သုံးပုံတစ်ပုံခန့်ဖြစ်သည်။ မြန်မာနိုင်ငံတွင် အာဟာရချို့တဲ့ခြင်းသည် ပြည်သူ့ကျန်းမာရေးပြဿနာတစ်ရပ် အဖြစ် တည်ရှိနေဆဲဖြစ်ပြီး ကျေးလက်နေပြည်သူများတွင် ပိုမို ဖြစ်ပွားနေကြောင်း တွေ့ရသည်။

အာဟာရချို့တဲ့မှုသည် ဆင်းရဲနွမ်းပါးမှု၊ ဝင်ငွေနည်းပါးမှု၊          စားနပ်ရိက္ခာပြတ်တောက်မှုတို့နှင့် ဆက်စပ်နေသော်လည်း တစ်ခါ တစ်ရံတွင် စားသုံးမှုပုံစံမမှန်ခြင်းကြောင့် အာဟာရချို့တဲ့မှုဖြစ်ပေါ် ရခြင်းကိုလည်း တွေ့ရှိရသည်ဟုဆိုသည်။

မြန်မာနိုင်ငံတွင် အဖြစ်များသော အာဟာရပြဿနာများမှာ ပရိုတင်းအင်အားချို့တဲ့ရောဂါ၊ သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ ဗီတာမင်အေချို့တဲ့ရောဂါ၊ အိုင်အိုဒင်းချို့တဲ့ရောဂါ၊ ဗီတာမင်ဘီဝမ်း ချို့တဲ့ (ဘယ်ရီဘယ်ရီ) ရောဂါတို့ဖြစ်သည်။

သက်ရှိသတ္တဝါများ ရှင်သန်ကျန်းမာကြံ့ခိုင်ရေးအတွက် အာဟာရဓာတ်များ လိုအပ်သည်။ နေ့စဉ်စားသုံးသည့် အစားအစာ များမှာ အာဟာရဓာတ်များရရှိနိုင်ပြီး ခန္ဓာကိုယ်နှင့် ဉာဏ်ရည်ဖွံ့ဖြိုး ရေး၊ ခွန်အားပြည့်ဝရေး၊ ရောဂါဘယကင်းရှင်းရေးစသည့်အတွက် အာဟာရဓာတ်ပြည့်ပြည့်ဝဝ စားသုံးတတ်ဖို့လိုအပ်သည်။

ကျေးလက်နေပြည်သူများအနေဖြင့် အာဟာရချို့တဲ့ခြင်းနှင့် နောက်ဆက်တွဲ ကျန်းမာရေးထိခိုက်ခြင်းများမှ ကာကွယ်နိုင်ရန် မိမိဒေသထွက် အာဟာရအုပ်စု သုံးစုတွင် ပါဝင်သည့် အစားအစာ များကို မျှတစွာ စားသုံးရန်လိုအပ်သည်။ အာဟာရချို့တဲ့ခြင်း၏ အဓိကအကြောင်းအရင်းမှာ အာဟာရပြည့်ဝသော အစားအစာများ ကို မစားသုံးနိုင်ခြင်း၊ ‌ရွေးချယ်မစားသုံးတတ်ခြင်းနှင့် ကျန်းမာမှု အားနည်းခြင်းတို့ကြောင့်ဖြစ်ပြီး ၎င်းအာဟာရချို့တဲ့မှုကိူ သင့်တင့် မျှတပြီး အာဟာရပြည့်ဝသည့် အစားအစာများကို စားသုံးခြင်းဖြင့် ကာကွယ်နိုင်သည်။

အာဟာရအတွက်လိုအပ်သည့် သား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုးတို့ကို ကိုယ်တိုင်မွေးမြူစိုက်ပျိုးထုတ်လုပ် နိုင်သည့် အခြေအနေများ မိမိတွင်ရှိနေပါက ဝီရိယစိုက်ထုတ်လုပ်  ကိုင်ကြရန်လိုအပ်ပြီး စရိတ်ကုန်ကျသက်သာစွာဖြင့် အာဟာရဓာတ် ပြည့်ဝစွာရရှိနိုင်သည့် အစားအစာများကို စားသုံးတတ်ရန်လည်း လိုအပ်သည်။

သတ္တဝါမှန်သမျှသည် အာဟာရပေါ်တွင် မူတည်သည်။ နေ့စဉ် အစားအစာ စားသုံးကြရာတွင် ဝင်ငွေနည်းမိသားစုများ တန်ဖိုး နည်းနည်းနှင့် အာဟာရများများရရှိနိုင်စေရန် စားသုံးတတ်ကြရန် လိုအပ်သည်။ ငွေကြေးကုန်ကျသက်သာစွာဖြင့် စားသုံးနိုင်ရေး မိမိတို့၏ မိသားစုအသိုင်းအဝိုင်းများက အထူးဂရုပြုဆောင်ရွက် စေချင်ကြောင်း။      ။






အခြားဆက်စပ်သတင်းများ