ရန်ကုန် ဇွန် ၂၄
BAT မြန်မာသည် သစ်တောဦးစီးဌာနနှင့်အတူ မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေး ကတွင် ပါဝင်ပူးပေါင်းဆောင်ရွက်ရန် “မြရဂုံ” စီမံကိန်းဂေဟစနစ်ဖြည့်တင်းရေးစိုက်ခင်းကို သစ်တောဦးစီးဌာနနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ လှိုင်ရိုးမတောင်ပေါ်ကြိုးဝိုင်း၊ အကွက် အမှတ် (၈) ပေါ်တွင် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၉ ရက်က သစ်တောစီမံကိန်းအဖြစ် စတင်တည်ထောင်ခဲ့ကြောင်း သိရသည်။
သစ်တောဦးစီးဌာနသည် သစ်တောပြုန်းတီးခြင်းနှင့် သစ်တောအတန်းအစားကျဆင်းခြင်းမှ ကာကွယ်ရန်၊ နိုင်ငံတော်၏ သစ်တောဖုံးလွှမ်းမှု ပြန်လည်ကောင်းမွန်လာစေရန်၊ သဘာဝဘေးအန္တရာယ် ကျရောက်မှုများမှ လျော့နည်းသက်သာစေရန်နှင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးဆိုင်ရာ နိုင်ငံတကာ ကတိကဝတ်များအားဖြည့်ဆည်းနိုင်ရန် ရည်ရွယ်ပြီး သစ်တောစိုက်ခင်း တည်ထောင်ခြင်း အပါအဝင် သစ်တော ပြုစုထိန်းသိမ်းရေးလုပ်ငန်းများကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်ချက် နှင့်အညီ ၂၀၁၇ -၂၀၁၈ ခုနှစ်မှ ၂၀၂၆ - ၂၀၂၇ ခုနှစ်ထိ မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်း (Myanmar Reforestation and Rehabilitation Programme)အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး သစ်တောဦးစီး ဌာန၊ ညွှန်ကြားရေးမှုး ဦးသိန်းတိုးက “သစ်တောများထူထောင်ရေးစီမံကိန်း၏ ရည်မှန်းချက်များ ပြည့်မီ စေရန် သစ်တောဦးစီးဌာနအနေနဲ့ ဒီနှစ်မှာ သစ်ပင် ၁၀ သိန်းကျော်ကို တစ်နိုင်ငံလုံးက စိုက်ခင်းတွေမှာ စိုက်ပျိုးရန် လျာထားပါတယ်။ ဒီစိုက်ခင်းက ဂေဟစနစ်ဖြည့်တင်းရေး စိုက်ခင်းဖြစ်တာကြောင့် ဒီအပင်တွေ ကြီးလာတဲ့ထိ သဘာဝအတိုင်းဆက်ပြီးတော့ ကြီးထွားရှင်သန်အောင် ထိန်းသိမ်းသွားမှာဖြစ်ပါတယ်။ ရန်ကုန်မြို့တော်ကို ရေပေးဝေနေတဲ့ ‘ဖူးကြီးရေလှောင်တမံရဲ့ ရေဝေဧရိယာ ထဲကိုကျရောက်နေတဲ့အတွက်လည်း ဆည်ထဲကိုဝင်တဲ့ရေတွေကို နုန်းအနယ်အနှစ်တွေ မပါနိုင်အောင် ထိန်းသိမ်းပေးတဲ့ ရေဝေတောတစ်ခုဖြစ်အောင် ဖန်တီးထိန်းသိမ်းသွားမှာပါ” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် အသက်မွေးဝမ်းကျောင်းနှင့် သစ်တောထိန်းသိမ်းရေးကို ဂဟေဆက်နိုင်ရေးသည် ၂၀၃၀ ပြည့်နှစ် မတိုင်မီ သစ်တောပြုန်းတီးမှု လုံးဝရပ်တန့်ရေး ရည်မှန်းချက်ရရှိရန် ဖြစ်သည်။
ထိပ်သီးညီလာခံ၏ ဘေးပန်းကိစ္စရပ်များဆွေးနွေးပွဲ(sidelines)၌ မြန်မာနိုင်ငံ၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်းက သစ်တောပြုန်းတီးမှု လုံးဝရပ်တန့်ရေးရည်မှန်းချက် ပြည့်မီစေရေးအတွက် မြန်မာနိုင်ငံအစိုးရအား ပံ့ပိုးအားပေးကြရန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်များကို တောင်းဆိုထားကြောင်း သိရသည်။
BAT မြန်မာ၏ ဒါရိုက်တာဖြစ်သူ ဒေါ်ခိုင်ဝေသွယ်က “BAT လုပ်ငန်းစုကြီးအနေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဖြစ်တဲ့ ၂၀၃၀ မှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုများကို လျှော့ချနိုင်ရုံသာမက neutral ဖြစ်ဖို့ ရည်မှန်းချက်ပန်းတိုင်များထားကာ ဆောင်ရွက်နေပါတယ်။ လုပ်ငန်းခွင်တွင်းမှာ စွမ်းအင်ချွေတာမှုနှင့် စီးပွားရေးရည်မှန်းချက်များ ပြည့်မီအောင်ဆောင်ရွက်ရာမှာ ဂေဟစနစ်များကို ထိခိုက်မှုနည်းစေတဲ့ စွမ်းအင်သစ်များ၊ လုပ်ဆောင်နည်းသစ်များနှင့် လုပ်ဆောင်နေပါတယ်။ အခုလို ဂေဟစနစ်ဖြည့်တင်းရေး စိုက်ခင်းများက ပတ်ဝန်းကျင်မှာလည်း ရာသီဥတုသဟဇာတမျှတစေပြီး လူမှုဘဝသာယာတိုးတက်ရေးကိုပါ အထောက်အကူဖြစ်စေတာမို့ BAT မြန်မာအနေနဲ့ လုပ်ဆောင်တာဖြစ်ပါတယ်” ဟုပြောသည်။
BAT မြန်မာသည် “မြရဂုံ” သစ်တောစိုက်ခင်းစီမံကိန်း အကောင်အထည်ဖော်ဆောင်မှုတွင် စီမံကိန်း အတွက် လိုအပ်သည့် ဝန်ထမ်းများကို အခြေခံလူတန်းစားများ အလုပ်အကိုင်အခွင့်အရေးများရရှိစေရန်အတွက် ရည်ရွယ် ခြင်းဖြစ်သည်။ AMH(မြို့တော်သတင်း)