ရန်ကုန် ဇွန် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့ ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင် ကျိုက်ခေါက် စေတီတော်မြတ်ကြီးအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ဘုရားဖူးမြော်ခွင့်အား ပိတ်ထားခဲ့ရာမှ ယခုအခါ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဘုရားဖူးခွင့်အား အချိန်ပိုင်းပြန်လည်ဖူးခွင့်ပြုထားကြောင်း ဇွန် ၂၃ ရက်၊ နံနက် ၁၁ နာရီက အဆိုပါစေတီတော်မြတ် ဂေါပကအဖွဲ့ရုံးမှ သိရသည်။
ထိုသို့ ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင် ကျိုက်ခေါက်စေတီတော်မြတ်ကြီးအား ဘုရားဖူးပြည်သူများ ဝင်ရောက်ဖူးမြော်နိုင်ရန်အတွက် နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ပေးထားပြီး ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ ဘုရားဖူးပြည်သူများအား အလိုအလျောက် ကိုယ်အပူချိန်တိုင်းစက်ဖြင့် ကိုယ်အပူချိန်တိုင်းခြင်း၊ ပါးစပ်/ နှာခေါင်းစည်း Mask တပ်ဆင်ခြင်းနှင့် လက်ဆေးခြင်းများ ဆောင်ရွက်ကာ တစ်ဦးနှင့်တစ်ဦး သတ်မှတ်အကွာအဝေးဖြင့်သာ ဘုရားဖူးခွင့်ပြုကြောင်း သိရသည်။
သန်လျင်မြို့ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ကျိုက်ခေါက်စေတီတော်မြတ်ကြီးသို့ နေ့စဉ်ဘုရားဖူးလာ ပြည်သူများ ကျန်းမာရေး ကြိုတင်ကာကွယ်မှုအနေဖြင့် ဘုရားမုခ်ဦးလေးခုတွင် ကိုယ်အပူချိန်တိုင်းစက်များဖြင့် ကိုယ်အပူချိန်တိုင်းပေးခြင်း၊ လက်သန့်ဆေးများဖြင့် လက်ဆေးခြင်းများဆောင်ရွက်ပြီးပါက ကျန်းမာရေးအတွက် တစ်ဦးနှင့် တစ်ဦး သုံးပေအကွာမှနေ၍ ဘုရားဝတ်ပြုခြင်းများနှင့် ဘုရားလှည့်လည်ဖူးစေရန်တို့အား စေတီတော်ဂေါပကအဖွဲ့ဝင်များနှင့် ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပူးပေါင်းဆာင်ရွက်ပေးလျက်ရှိကြောင်း၊ သတ်မှတ်ထားသော အချက်များဆောင်ရွက်မှုမရှိပါက၊ ဘုရားပေါ်သို့တက်ရောက်ခွင့်မပြုပါကြောင်း ကိုဗစ်- ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်လျက်ကြောင်း အဆိုပါစေတီတော်မြတ် ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဒုတိယ ရဲမှူးကြီး ကျော်မိုးကြည်(ငြိမ်း)က ပြောကြားသည်။
သက်ခိုင်(သန်လျင်)