လူတို့၏နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲလာသည်နှင့် အမျှ အဖြစ်အများဆုံးရောဂါများတွင် နှလုံးရောဂါ ပါဝင်လာသည်။ နှလုံး သွေးကြောကျဉ်းရောဂါ၊ ရုတ်တရက်နှလုံးဖောက်ပြန်မှုရောဂါ စသည့် နှလုံးရောဂါများသည် လူကိုအန္တရာယ်ပြုစေနိုင်သောရောဂါ များပင်ဖြစ်သည်။
ယခုရက်ပိုင်းအတွင်း အသက်ရှုကျပ်ခြင်း၊ ရုတ်တရက်အောင့် ခြင်းများကြောင့် အသက်ဆုံးရှုံးရသောသူများ၊ များပြားလာသည် ကိုတွေ့ရသည်။ ကမ္ဘာတွင်ရုတ်တရက် နှလုံးဖောက်ပြန်မှုကြောင့် သေဆုံးရသူဦးရေသည် ၁၇ ဒသမ ၃ သန်းကျော်ရှိကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီး၏ ထုတ်ပြန်ချက်အရသိရသည်။
ရုတ်တရက်နှလုံးဖောက်ပြန်မှုရောဂါကြောင့် သေဆုံးရခြင်း၏ အဓိကအကြောင်းရင်းမှာ ရောဂါကြိုတင်မသိရှိခြင်း၊ ရောဂါရှိကြောင်း သိသော်လည်း ပေါ့ပေါ့တန်တန်နေထိုင်စားသောက်နေခြင်း၊ ကျန်းမာရေးစစ်ဆေးမှုအားနည်းခြင်း၊ နှလုံးရောဂါနှင့်ပတ်သက်၍ ရှောင်ရန်၊ ဆောင်ရန်များကို လျစ်လျူရှုထားခြင်းစသည့်တို့ကြောင့် ဖြစ်သည်။
နှလုံးရောဂါသည် ဖြစ်ပြီဆိုလျှင်ကုသရန်ခက်ခဲလှသည်။လူတို့ အနေဖြင့် နှလုံးရောဂါဖြစ်ပွားမှုကိုကာကွယ်နိုင်ရန်အတွက် သစ်သီး ဝလံနှင့်ဟင်းသီးဟင်းရွက်များကို များများစားသုံးခြင်း၊ အငန်၊ အချို၊ အဆီ၊အဆိမ့်များလျှော့၍ စားသုံးခြင်း၊ အရက်နှင့်ဆေးလိပ်သောက် သုံးမှု ရှောင်ကြဉ်ခြင်း၊ အဝလွန်မှုကို ဂရုပြုကာကွယ်ထိန်းသိမ်းခြင်း၊ ပုံမှန်လေ့ကျင့်ခန်းတစ်ခုပြုလုပ်ခြင်းစသည်တို့ကို လိုက်နာဆောင် ရွက်သင့်သည်။
နှလုံးသွေးကြောပိတ်ခြင်းသည် နှလုံးသို့သွားသောသွေးကြော အတွင်း အဆီ၊ အခဲများပိတ်ခြင်းကြောင့်ဖြစ်ပြီး ပိတ်သွားသော သွေးကြောအမြန်မဖွင့်နိုင်ပါက ယင်းသွေးကြောမှထောက်ပံ့နေသော နှလုံးကြွက်သားတစ်စိတ်တစ်ပိုင်းသေသွားသည်။ ကုသမှုမရဘဲ အချိန်ကြာလေ နှလုံးကြွက်သားပျက်စီးမှုပိုများလာလေဖြစ်ပေ သည်။ အမြန်ဆုံးသွေကြောဖွင့်စေရန်ကုသမှုလိုအပ်သည်။
ကမ္ဘာကျန်းမာရေးအဖွဲ့အစည်းအသီးသီးက နှလုံးသွေးကြော ရောဂါကြောင့် အရွယ်မတိုင်မီသေဆုံးရခြင်းကို ၂၅ ရာခိုင်နှုန်း လျှော့ချရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ရာလူတို့အနေဖြင့် နှလုံးရောဂါကြောင့်သေဆုံးရခြင်း မှ ကင်းဝေးစေရန် "ကာကွယ်ခြင်းသည် ကုသခြင်းထက် ထိရောက် သည်" ဆိုသည့် စကားအတိုင်း အနေအထိုင်အစားအသောက်ကို သတိပြုစားသောက်နေထိုင်သင့်ပါကြောင်း။ ။