လောက၌ လူတိုင်းသည် အသိတရားရှိကြ၍ ထိုအသိတရား အတိုင်း သတိပြုကျင့်ကြံနေထိုင်သွားခဲ့ပါမူ တိုးတက်ခြင်း၊ ကြီးပွား ခြင်း၊ ဖွံ့ဖြိုးခြင်းဟူသော အကြောင်းတရားအရ ကောင်းကျိုးချမ်းသာ ကို ရရှိစေ၏။
လူတို့သည် နေ့စဉ်နှင့်အမျှ လုပ်ကိုင်ရသော အလုပ်တို့၌ အဆင်ပြေသည်လည်း ရှိသည်။ အဆင်မပြေသည်လည်း ရှိသည်။ အများစုတို့မှာ အဆင်ပြေပြေ တည်တည်ငြိမ်ငြိမ် လုပ်ကိုင်သွားနိုင် ကြသော်လည်း အချို့မှာ အဆင်မပြေကြပါ။ ထိုအခါ စိတ်ဖိစီးမှုများ ဖြစ်ရသည်။
လူတိုင်းသည် လောဘ၊ ဒေါသ၊ မောဟတို့ကို တဖြည်းဖြည်း လျှော့ချနိုင်လျှင် ကောင်းမှန်းသိသည်။ သို့သော် အချိန်ရှိသရွေ့ ဟိုဟာလိုချင်၊ ဒီဟာလိုချင်နေတာက ခက်၏။ ယင်းကြောင့် ဒေါသမီး တောက် မောဟအလျှောက် တွေဝေနေတတ်၏။
လူသည် သောကတည်းဟူသော စိတ်ဖိစီးမှုနှင့် မကင်းနိုင်ကြပါ။ အနည်းနှင့်အမျှ လူတိုင်းတွင် သောကရှိသည်။ အနည်းငယ်မျှသော သောက (ဝါ) စိတ်ဖိစီးမှုသည် လူတို့အတွက် မပြောပလောက်သော် လည်း ကြီးမားသော စိတ်ဖိစီးမှုနှင့် ကြုံတွေ့ရသောအခါ အသက် အန္တရာယ် ခြိမ်းခြောက်တတ်သည်။ ပြင်းထန်သော စိတ်ဖိစီးမှုဒဏ် ကြောင့် ကြံမိကြံရာ ကြံတတ်ကြသည်။
အဆင်မပြေမှုများ စုပြုံလာသည့်အခါ စိတ်ထွက်ပေါက်ကို အမြန်ဆုံး ဖွင့်ပေးသင့်၏။ စိတ်ပြေရာဖြေကြောင်း ပြုလုပ်ပေးခြင်း သည် စိတ်ထွက်ပေါက်ဖွင့်ပေးခြင်းပင် ဖြစ်၏။ စိတ်ထွက်ပေါက် ရှာခြင်းကို အချို့က ဓမ္မနည်းလမ်းအရလည်းကောင်း၊ အချို့က ပျော်ရွှင်ဖွယ်ရာအမှုတို့ကို ပြုခြင်းအားဖြင့် သော်လည်းကောင်း၊ စိတ်ထွက်ပေါက် ရှာလေ့ရှိသည်။ အပန်းဖြေခရီးထွက်ခြင်း၊ ရုပ်ရှင်၊ ဂီတ နားဆင်ကြည့်ရှုခြင်းများပြုလုပ်၍ စိတ်ထွက်ပေါက်ရှာခြင်းဖြင့် စိတ်ထွက်ပေါက်ကို ဖွင့်ကြရသည်။
ဤလောကကြီးအတွင်း မှီတင်းနေထိုင်ကြသော လူသား အားလုံးအသိတရားရှိကြသည် မဟုတ်။ လိမ္မာရေးခြားရှိသကဲ့သို့ ဆိုးသွမ်းမိုက်မဲ အသိတရားကင်းမဲ့သော သူတို့ မြောက်မြားစွာ ရှိ၏။
သူမိုက်နှင့် ပေါင်းဖော်၍ လှည့်လည်သောသူသည် ကာလရှည် ကြာမြင့်စွာ စိုးရိမ်ရ၏။ လူမိုက်တို့နှင့်အတူ နေရခြင်းသည် ရန်သူ နှင့်အတူတူ နေရသကဲ့သို့ အခါခပ်သိမ်း ဆင်းရဲရ၏။ ပညာရှိနှင့် အတူ တကွ နေရခြင်းသည် ဆွေမျိုးတို့နှင့် အတူတကွ နေထိုင်ရသကဲ့သို့ ချမ်းသာ၏ဟု သုခဝဂ် (ဓမ္မပဒ-၂၀၇) တွင် ဖော်ပြထားသည်။
အသိတရားများအပေါ် ဆင်ခြင်ကျင့်ကြံအားထုတ်မည်ဆိုသော် ဘဝတစ်လျှောက်လုံးသည် တိုးတက်နေသည်ဟု ဆိုချင်ပါ ကြောင်း။ ။