မျက်မှောက်ခေတ်ကာလ၌ လူမှုဘဝ ဝန်းကျင်ရှိ အချို့အချို့ ငယ်ရွယ်သူတို့ကိုကြည့်လျှင် ခန္ဓာကိုယ်သေးကွေးပါးလျားနေသည် ကို တွေ့ရမည်ဖြစ်သည်။ ခန္ဓာကိုယ်ဖွံ့ထွားရေးအတွက် အရွယ် လွန်သူများ ပြုပြင်ရန်ခက်သည်။ ငယ်ရွယ်စဉ်ဘဝမှာပင် မိမိ ကိုယ်ခန္ဓာဖွံ့ဖြိုးရေးကို အလေးဂရုပြုကြရမည်ဖြစ်သည်။
ကမ္ဘာ့လူဦးရေ သန်း နှစ်ထောင်ခန့်မှာ အာဟာရပြဿနာတစ်ခု ခုကို ခံစားကြရပြီး နှစ်စဉ်ငါးနှစ်အောက် ကလေး ၂ ဒသမ ၆ သန်းခန့် မှာ အာဟာရချို့တဲ့မှုကြောင့် သေဆုံးလျက်ရှိပြီး ယင်းမှာ သေဆုံးမှု စုစုပေါင်း၏ သုံးပုံတစ်ပုံခန့်ဖြစ်သည်။ မြန်မာနိုင်ငံတွင် အသက် ငါးနှစ်အောက် ကလေးငယ်များတွင် အာဟာရချို့တဲ့မှုကြောင့် ကလေး လေးဦးလျှင် တစ်ဦးနှုန်းသည် ပုညှက်နေကြောင်း စစ်တမ်း များအရ သိရသည်။
အာဟာရချို့တဲ့ခြင်းသည် ပြည်သူ့ကျန်းမာရေးပြဿနာတစ်ရပ် အဖြစ် တည်ရှိနေဆဲဖြစ်ပြီး ကျေးလက်နေပြည်သူများတွင် ပိုမို ဖြစ်ပွားနေကြောင်း တွေ့ရသည်။ မြန်မာနိုင်ငံတွင် ၂၀၀၉ ခုနှစ်မှ စတင်ကာ ဩဂုတ်လ တစ်လလုံးကို အာဟာရဖွံ့ဖြိုးရေး ရက် သတ္တပတ်များအဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် အဖြစ်များသော အာဟာရပြဿနာများမှာ ပရိုတင်းအင်အားချို့တဲ့ရောဂါ၊ သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ၊ ဗီတာမင်အေချို့တဲ့ရောဂါ၊ အိုင်အိုဒင်းချို့တဲ့ရောဂါ၊ ဗီတာမင်ဘီဝမ်း ချို့တဲ့ (ဘယ်ရီဘယ်ရီ) ရောဂါတို့ဖြစ်ကြသည်။
အာဟာရချို့တဲ့ခြင်း၏ အဓိကအကြောင်းရင်းများမှာ အာဟာရ ပြည့်ဝသော အစားအစာများကို မစားသုံးရခြင်း၊ မစားသုံးနိုင်ခြင်း ရွေးချယ်မစားသုံးတတ်ခြင်းနှင့် ကျန်းမာမှု အားနည်းခြင်းတို့ကြောင့် ဖြစ်ပြီး ၎င်းအာဟာရချို့တဲ့မှုကို သင့်တင့်မျှတပြီး အာဟာရပြည့်ဝ သည့် အစားအစာများကို စားသုံးခြင်းဖြင့် ကာကွယ်နိုင်သည်။
ကျေးလက်နေပြည်သူများအနေဖြင့် အာဟာရချို့တဲ့ခြင်းနှင့် နောက်ဆက်တွဲကျန်းမာရေးထိခိုက်ခြင်းများမှ ကာကွယ်နိုင်ရန် မိမိ ဒေသထွက် အာဟာရအုပ်စု သုံးစုတွင် ပါဝင်သည့် အစားအစာများကို မျှတစွာ စားသုံးရန်လိုအပ်သည်။
သတ္တဝါမှန်သမျှ အာဟာရပေါ်တွင် တည်မှီသည်။ အာဟာရကင်း ၍ အသက်ရှင်နိုင်ခြင်းမရှိပေ။ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်ကောင်းများ ရရှိအောင် ပြုစုပျိုးထောင်ရာ တွင် အာဟာရဖွံ့ဖြိုးရေးကိုလည်း အလေးဂရုပြု ဆောင်ရွက်ပေးနိုင် ရန် အရေးကြီးသည်။
မြန်မာနိုင်ငံတွင် အဖြစ်များသော အာဟာရပြဿနာများ မဖြစ် ပေါ်ရေးအတွက် အာဟာရပြည့်ဝမျှတစွာ စားသုံးခြင်းဖြင့် မိမိတို့၏ မိသားစုအသိုင်းအဝိုင်းများက အထူးဂရုပြု ဆောင်ရွက်စေချင် ကြောင်း။ ။