နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စည်းကမ်းတကျ အမှိုက် စွန့်စေချင်

ယနေ့ကမ္ဘာကြီးတွင် လူသားတိုင်းက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အနိမ့်ဆုံးတာဝန်အဖြစ် ထမ်းဆောင်သင့်သည်။ ကမ္ဘာပေါ်တွင် နိုင်ငံတိုင်း၊ မြို့ရွာတိုင်း သဘာဝပတ်ဝန်းကျင်၏ စိန်ခေါ်မှုကို မျှဝေခံစားနေကြရသည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် အမှိုက်က အခြေခံ အကျဆုံး ပြဿနာပင်ဖြစ်သည်။ တိုးတက်ပြောင်းလဲလာသော လူနေမှုစနစ်တွင် စွန့်ပစ်အမှိုက်၊ အိမ်တွင်းအမှိုက် ပစ္စည်းများက နေ့စဉ်တိုးလာသည်။ အိမ်သုံးအမှိုက်ပုံးများတွင် ကြွပ်ကြွပ်အိတ်၊ ပလတ်စတစ်အိတ်များက နေရာများစွာယူလာသည်။

အမှိုက်ဟူသည် လူတို့စွန့်ပစ်ရာမှ အဓိကဖြစ်ပေါ်လာသည့် အရာဝတ္ထုပစ္စည်းများဖြစ်သည်။ လူဦးရေထူထပ်လာသည်နှင့်အမျှ စွန့်ပစ်အမှိုက်များလည်း များပြားတတ်သည်။ လူဦးရေအထူထပ်ဆုံး ဖြစ်သည့် ရန်ကုန်မြို့တွင် နေ့စဉ်အမှိုက်တန်ချိန်များစွာ ထွက်ရှိ နေသည်။ 

အမှိုက်ဟူသည် မကောင်းသောစွန့်ပစ်အညစ်အကြေးဖြစ်ခြင်း၊ ပတ်ဝန်းကျင်အမြင် မတင့်တယ်ခြင်း၊ ကျန်းမာရေးထိခိုက်စေခြင်း၊ စသည်တို့ ဖြစ်တတ်သည်ကိုသိပါလျက် မဆင်မခြင် စွန့်ပစ်နေခြင်း ဖြစ်သည်။ 

ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များနှင့် ဌာနမှူး များ လိုက်ပါလျက် ဇူလိုင် ၂၆ ရက်က မင်္ဂလာတောင်ညွန့်မြို့နယ် ဖို့မြေရပ်ကွက်ရှိ၊ ဗိုလ်မင်းရောင်လမ်း ရေမြောင်းနှင့် ဖို့မြေချောင်း အတွင်း ရေစီးရေလာကောင်းမွန်ရေးအတွက် မြောင်းအတွင်းမှ အမှိုက်နှင့် နုန်းများ ဆယ်ယူရှင်းလင်းနေမှု ကြည့်ရှုစစ်ဆေးရာ မြောင်းစပ်တစ်လျှောက် သန့်ရှင်းရေးဆောင်ရွက်ရန်၊ မြောင်းပေါင် များပေါ်တွင် တင်ရှိနေသည့်အမှိုက်များ ရှင်းလင်းရန်နှင့် ပတ်ဝန်း ကျင်နေအိမ်များမှ စည်းကမ်းမဲ့စွန့်ပစ်အမှိုက်များ စွန့်ပစ်မှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန် မှာကြားခဲ့သည်။

နေ့စဉ် မိမိနေအိမ်မှ စွန့်ပစ်အမှိုက်များကို စနစ်တကျထုပ်ပိုးပြီး သက်ဆိုင်ရာအမှိုက်ပုံ (သို့မဟုတ်) အမှိုက်သိမ်းဆည်းသူတို့ထံ ပို့ဆောင်ကြရပေမည်။ ထိုသို့ပို့ဆောင်ခြင်းမပြုဘဲ ရေမြောင်းအတွင်း အလွယ်တကူစွန့်ပစ်လိုက်ခြင်းသည် ရှက်စရာကောင်းသောအလုပ် ဖြစ်သည်။ မြို့နေပြည်သူများ လိုက်နာကျင့်သုံးအပ်သောအရာမှာ အမှိုက်များကို စည်းကမ်းတကျ စွန့်ပစ်တတ်သည့်အလေ့အထကို ကျင့်ကြံအားထုတ်ရမည် ဖြစ်သည်။

လမ်းတိုင်း၊ ရပ်ကွက်တိုင်း၊ မြို့တိုင်း၊ နေရာတိုင်းမှာ မိမိတို့ နေထိုင်ရာနယ်မြေ ထွက်သမျှ အမှိုက်များကို သူ့တာ၊ ကိုယ့်တာ ခွဲခြားပြီး စုပေါင်းပပျောက်အောင် ဆောင်ရွက်သင့်သည်။ မြို့ပြနေ ပြည်သူများ တက်တက်ကြွကြွပါဝင်လာရေး စည်းကမ်းပြည့်ဝသော မြို့ကြီးသားဖြစ်အောင် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် သာယာ သန့်ရှင်းသော ဝန်းကျင်ကောင်းတစ်ခုဖြစ်ပေါ်လာမည် ဖြစ်သည်။

သို့ဖြစ်ရာ နေချင်စဖွယ်ကောင်းသော မြို့ပြပတ်ဝန်းကျင်ဖြစ်ပေါ် လာရေး စွန့်ပစ်အမှိုက်များ စနစ်တကျ စွန့်ပစ်ကြစေချင်ကြောင်း။  ။






အခြားဆက်စပ်သတင်းများ