နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆေးလိပ်နှင့် ဆေးရွက်ကြီးအန္တရာယ်

နိုင်ငံတော်အနေဖြင့် ၂၀၀၆ ခုနှစ် မေလတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဥပဒေကို ပြဋ္ဌာန်းပြီး ဆေးလိပ်ငွေ့ကင်းစင်သည့် ပတ်ဝန်းကျင်ကိုဖန်တီး၍ အများပြည်သူ ကျန်းမာရေးကိုထိခိုက်စေသည့် အန္တရာယ်မှကာကွယ် ပေးရန် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ဆေးလိပ် ငွေ့ကင်းစင်ရေးနှင့် ဆေးလိပ်နှင့် ဆေးရွက်ကြီး သောက်သုံးမှု ထိန်းချုပ်ရေးအတွက် လိုအပ်သည့်အမိန့်နှင့် ညွှန်ကြားချက်များကို  ထုတ်ပြန်ဆောင်ရွက်လျက်ရှိကြောင်း ဆေးလိပ်ငွေ့ကင်းစင်ရေးနှင့်  စပ်လျဉ်း၍ သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် နှီးနွှယ်ဝန်ကြီးဌာန များ၊ ဦးစီးဌာနများနှင့် မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်  ကြရန်လိုကြောင်း ဆေးလိပ်ငွေ့ကင်းစင်ရေး လုပ်ငန်းဆောင်ရွက်မှု များ ဗဟိုအဆင့်သုံးသပ်ဆွေးနွေးပွဲ ဇူလိုင် ၂၅ ရက်က နေပြည်တော် ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပရာ ကျန်းမာရေး ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက ထည့်သွင်း ပြောကြားခဲ့သည်။

ဆေးလိပ်အန္တရာယ်သည် သောက်သုံးသူကိုသာမက အနီး ဝန်းကျင်နေသူများကိုပါ အန္တရာယ်ပြုနိုင်သည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကလည်း ဆေးလိပ်မသောက်သူများသည် တစ်ဆင့် မီးခိုး ရှူမိပြီး ရောဂါများဖြစ်ပွားလျက်ရှိကြောင်း သတိပေးချက်ထုတ်ပြန် ထားသည်။

ကမ္ဘာပေါ်တွင် နှစ်စဉ်လူဦးရေ ရှစ်သန်းကျော်သည် ဆေးလိပ် နှင့် ဆေးရွက်ကြီးသောက်သုံးမှုကြောင့် ကင်ဆာရောဂါအမျိုးမျိုး၊ နှလုံးရောဂါ၊ အဆုတ်နှင့် အသက်ရှူလမ်းကြောင်းရောဂါစသည့် နာတာရှည်ရောဂါများဖြစ်ပွားပြီး အရွယ်မတိုင်မီ သေဆုံးလျက် ရှိသည်။

ယင်းလူဦးရေ ရှစ်သန်းကျော်အနက် တစ်သန်းကျော်သည် တစ်ပါးသူသောက်သုံးသည့် တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကို ရှူရှိုက်ရ သည့်အတွက် သေဆုံးနေရ ခြင်းဖြစ်ပြီး  အထူးသဖြင့်  အမျိုးသမီးများ နှင့် ကလေးငယ်များ အများအပြားပါဝင်သည်။

ဆေးလိပ်မီးခိုးရှူရှိုက်မိပါက ရေရှည်တွင် ရောဂါတစ်ခုခု ခံစားရသည်။ ဆေးလိပ်မီးခိုးအတွင်း လူကိုဘေးဖြစ်စေနိုင်သည့် ဒြပ်ပစ္စည်းအမြောက်အမြား ပါဝင်လျက်ရှိသည်။ ဆေးလိပ်ကို မဖြစ်မနေ သောက်တတ်သူများအနေဖြင့် မိမိဆန္ဒကြောင့် အခြား သူများအား အန္တရာယ်မဖြစ်စေရန် ကန့်သတ်တားမြစ်ထားသော နေရာများ၌ မသောက်မိရန်လိုအပ်ပါကြောင်း အသိပေးနှိုးဆော် ရပါသည်။






အခြားဆက်စပ်သတင်းများ