ရန်ကုန် ဧပြီ ၆ ပြည်သူတွေဒုက္ခရောက်နေရတဲ့ အခုလိုအချိန်အခါမျိုးမှာ Mask တွေကို ဈေးတင်ရောင်းတာဟာ ပြည်သူလူထုရဲ့အသက်တွေကိုကစားတဲ့ သဘောဖြစ်တဲ့အတွက် ဘယ်လိုမှ ညည်းခံမှာမဟုတ်ဘူးလို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေကြတဲ့ ပဲခူးတိုင်းဒေသကြီးက ပြည်သူတွေနဲ့ အပြန်အလှန်ဆွေးနွေးပွဲမှာအခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။ ''မလုပ်ပါနဲ့။ ဒါဟာမှန်မှန်ပြောရရင် ယုတ်မာတဲ့ အလုပ်တစ်ခုလို့ ပြောရမှာပဲ။ တစ်ဦးချင်းရဲ့ အကျိုးအမြတ် အတွက် ပြည်သူလူထုရဲ့ အသက်တွေကိုကစားတဲ့သဘောပဲ။ အဲဒါတော့ ဘယ်လိုမှ သည်းမခံနိုင်ဘူး''လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်တာပါ။ အခုလိုအချိန်မှာ Mask တွေကို ဈေးတင်ရောင်းတာဟာ သည်းခံပြီးလွှတ်ထားလို့ရတယ့်ကိစ္စမဟုတ် သလို ဒီလိုဟာမျိုးတွေကို မလုပ်ရဘူးဆိုပြီးတော့လည်း ဥပဒေထုတ်ထားတဲ့အတွက် သိလို့ရှိရင် အရေးယူ သွားမယ်လို့ ယင်းက ဆိုပါတယ်။ ''ဒီလိုရောင်းနေတဲ့သူတွေကိုသိလို့ရှိရင် သက်ဆိုင်ရာကို အသိပေးပါ။ အရေးယူမယ်။ ဒါဟာတိုင်တာ တောတာ၊ သူများကိုဒုက္ခရောက်အောင်လုပ်တာ မဟုတ်ပါဘူး။ အများဒုက္ခမရောက်အောင် ကာကွယ်တာ ဖြစ်ပါတယ်''လို့လည်း ပြည်သူတွေကို တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ ကိုယ့်နိုင်ငံ၊ ကိုယ့်ပြည်သူလူထု ဒုက္ခရောက်နေတဲ့ အချိန်အခါမျိုးမှာ ကိုယ့်အတွက် ဘယ်လိုအကျိုးအမြတ် ထုတ်ရမလဲစဉ်းစားနေတဲ့ လူမျိုးတွေကိုလည်း အားမပေးပါနဲ့လို့ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေကို မေတ္တာရပ်ခံခဲ့ပါတယ်။ အခုလိုဈေးတင်ရောင်းတဲ့သူတွေကိုလည်း ဒီနိုင်ငံမှာဆက်ပြီးနေသွားရမှာဖြစ်တဲ့ အတွက် ပြည်သူလူထုရဲ့မျက်နှာကို ဘယ်လိုကြည့်ပြီး ဘယ်လိုဆက်ရှင်သန်သွားမလဲလို့ မေးခွန်းထုတ်လိုက် ပါတယ်။ ကျော်စိုးသူ(City News)