နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆေးဖက်ဝင်သော လိုက်ချီးသီးအကြောင်း သိမှတ်ဖွယ်ရာ အဖြာဖြာ

ဇွန် ၂၁

လိုက်ချီးရာဇဝင်

အင်္ဂလိပ်အမည် Litchi (သို့မဟုတ်) Lychee ဟုခေါ်သည်။ ရုက္ခဗေဒအခေါ် Litchi chinensis ဖြစ်၍ Sapindaceae မျိုးရင်းဖြစ်သည်။ မြန်မာပြည်တွင် လိုက်ချီးသီး၊ လိုင်ချီးသီး၊ လေချူသီး၊ တရုတ်ဆီးသီး ဟု ခေါ်ကြသည်။ လိုက်ချီးပင်တို့ ပေါက်ရောက်ရာဇစ်မြစ်မှာ တရုတ်ပြည်တောင်ပိုင်းဖြစ်သည်။သမိုင်းရာဇဝင်များအရ တရုတ်ပြည်တွင် တန်မင်းဆက်ကတည်းက လိုက်ချီးသီးကို စားသုံးလာခဲ့ကြောင်း သိရသည်။ ၁၇ရာစုနှစ် ရောက်သောအခါတွင်အာရှတိုက်တစ်တိုက်လုံးသို့ ပျံ့နှံ့လာခဲ့သည်။

၁၈ရာစုနှစ်ပြည့်ရောက်သောအခါ ကာလီဖိုးနီးယားနှင့်ဖလော်ရီဒါတို့တွင် စမ်းသပ်စိုက်ပျိုးကြည့်ရာအောင်မြင်လာခဲ့ပြီး၊ ထိုမှတဆင့်၁၉ရာစုနှစ်အစောပိုင်းမှစ၍အ‌နောက်နိုင်ငံတစ်ခွင်လုံးတွင် လိုက်ချီးသီးကိုကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးစားသုံးလာခဲ့သည်။ ယနေ့ အမေရိကန် နိုင်ငံတွင် လိုက်ချီးသီးမှာအထူးရေးပန်းစားလူကြိုက်များလျှက်ရှိသည်။

တရုတ်ပြည်တောင်ဘက်ပိုင်း၊ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊မြောက်ဗီယက်နမ်၊ ထိုင်ဝမ်တောင်ဘက်ပိုင်းနှင့်အိန္ဒိယနိုင်ငံတို့တွင် ရာသီစာသီးနှံအဖြစ်လိုက်ချီးပင် များကို စီးပွားဖြစ်စိုက်ပျိုးအောင်မြင်လျှက်ရှိသည်။

မြန်မာနိုင်ငံ ဗန်းမော်၊ မြစ်ကြီးနား ၊စစ်ကိုင်း ၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုနှင့် သီပေါမြို့နယ်များတွင် အများဆုံးစိုက်ပျိုးလျှက်ရှိသည်။ မုံရွာ၊မန္တလေးနှင့် ကချင်ပြည်နယ်တို့တွင် လိုက်ချီးသီး အထွက်များသည်။ ကလေးမြို့၏နေရာအနှံ့အပြားတွင်လည်း စီးပွားဖြစ်စိုက်ပျိုးကာ၊ အိန္ဒိယနိုင်ငံသို့ ရောင်းချကြသည်။လိုက်ချီးပင် များကိုအစေ့မှပျိုးထောင်သော အပင်ကြီးများမှာအထနှေးသဖြင့် အသီးမြန်သည့်မြေထုပ်စည်း မျိုးပွားနည်း(Air -layering)ကို အများဆုံးအသုံးပြုသည်။ ရေအလွယ်တကူရနိုင်သည့်မြစ်ချောင်းကမ်းဘေးများတွင် စိုက်ပျိုးခြင်းက ပို၍အဆင်ပြေသည်။ အသီးများကိုသိုလှောင်ချိန်ကြာသွားပါက အသီးခွံခြောက်သွေ့ခြင်း၊ အရောင်မည်းခြင်း၊ပုပ်ခြင်းများဖြစ်နိုင်သည်။ ထို့ကြောင့်တစ်နေရာမှတစ်နေရာသို့ သယ်ဆောင်ရာတွင်အင်ဖက် ကဲ့သို့ဖက်စိမ်း(သို့မဟုတ်)ရေငွေ့ထိန်းနိုင်သောပလတ်စတစ်အိတ်များဖြင့် ထုပ်ပိုးထားကြရသည်။

လိုက်ချီးပင်။

လိုက်ချီးပင်တို့သည်အရွက်အလက်များ စိမ်းစိမ်းစိုစိုဖြင့်အပူပိုင်းဒေသတွင် ပေါက်ရောက်သော ရာသီစာသီးနှံပင် ဖြစ်သည်။ အပွင့် ပွင့်ပြီးရက်ပေါင်း ၁၂၀ မှ ၁၄၀ခန့်အကြာတွင် အသီးသီးသည်။ အပင်ပေါ်တွင်ရင့်မှည့်လွယ်သော သစ်သီးဖြစ်ပြီး၊ မှည့်သည်နှင့် တပြိုင်နက်ရနံ့အလွန်မွှေးလာသည်။ အနီရောင်ရဲရဲတောက်လေ အရသာပိုချိုလေဖြစ်သည်။ပန်းရောင်သန်းသောအနီရောင်ခပ်ကြမ်းကြမ်းအခွံလေးများ၏အောက်တွင် အရည်ရွှမ်းပြီးအရသာရှိလှသည့် အဖြူရောင်အသားစိုင်များပါရှိသည်။ ဘဲဥပုံ (သို့မဟုတ်)အသည်းနှလုံးပုံရှိသော ထိုအဖြူရောင်အသားစိုင်များသည် ဂျယ်လီနှင့် ခပ်ဆင်ဆင်တူသည်။ ၎င်းအသားများကပြောင်လက်တောက်ပသော အညိုရင့်ရောင်အစေ့တစ်လုံးကို ဖုံးအုပ်ထားသည်။ အစေ့ကိုမစားရပါ။ လိုက်ချီးသီး၏အရသာမှာစပျစ်သီးနှင့်ခပ်ဆင်ဆင်တူသည်။ သို့သော်လိုက်ချီးကအရည်ပိုရွှမ်းကာ ရနံ့လဲမွှေးသည်။ အရသာချိုမြိန်ရုံသာမကရေငတ်ပြေစေသည်။

လိုင်ချီးသီးစားဖွယ်စုံ။

လတ်လတ်ဆတ်ဆတ် အဆာပြေသစ်သီးအဖြစ်စားသုံးကြသလို ရေခဲမုန့်၊ကျောက်ကျော၊ ဂျယ်လီ၊ ယို၊ ဖျော်ရည်၊ သကြားလုံး၊ ပီကေ၊ လိုင်ချီးသီးသံဘူး၊ လိုင်ချီးသီးခြောက်စသည်ဖြင့်နှစ်ခြိုက်စွာစားသုံးကြသည်။ လတ်ဆတ်သောလိုက်ချီးသီးများကို အခန်းအပူအချိန်တွင်ထားပါက  ၅  ရက်ခန့်ခံသည်။ လိုက်ချီးသီးကိုကြာကြာ ခံစေရန်အတွက် ရေခဲသေတ္တာထဲထည့်သိမ်းပါက၊ နှစ်ရက်ခန့်အကြာတွင် အညိုရောင်ပြောင်းသွားတတ်သည်။ အရောင်ပြောင်းသော်လည်း အနံ့အရသာယိုယွင်းမှုမရှိသဖြင့် ယုံကြည်စိတ်ချစွာစား၍ရသည်။ တချို့နိုင်ငံ များတွင် ခေတ်မီတိုးတက်သော နည်းပညာများဖြင့် ဆန်းသစ်ကာ လိုက်ချီးသီးမှ ရေမွှေး၊ ဆပ်ပြာ၊ ဂျယ်လ်၊ lotion၊ ပေါင်ဒါ စသည့် အလှကုန်ပစ္စည်းအမျိုးမျိုးတို့ကို ထုတ်လုပ်လျှက်ရှိသည်။

ဆေးဖက်ဝင်သော လိုက်ချီးသီး။

လိုက်ချီးသီးထဲတွင်လူသားတို့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသည့် အာဟာရဓာတ် မြောက်များစွာပါရှိသည်။ ၁၉၀ဂရမ် အလေးချိန်ရှိသော လိုက်ချီးသီးတစ်ခွက်စာ ပမာဏထဲတွင် Methionine ဝ.ဝ၁၇ ဂရမ်၊ လိုင်ဇင်း ဝ.ဝ၇၈ ဂရမ်၊ Tryptophan ဝ.ဝ၁၃ ဂရမ်၊ polyunsaturated ဖက်တီးအက်ဆစ် ဝ.၂၅၁ ဂရမ်၊ monounsaturated ဖက်တီးအက်ဆစ် ဝ.၂၂၈ ဂရမ်၊ ဗီတာမင်ကေ ဝ.၈ မိုက်ခရိုဂရမ်၊ ဗီတာမင်အီး ဝ.၁၃ မီလီဂရမ်၊ ချိုလင်း ၁၃.၅ မီလီဂရမ်၊ ဖောလိတ် ၂၇.ဝ မိုက်ခရိုဂရမ်၊ ဗီတာမင်ဘီ ၆၀.၁၉ မီလီဂရမ်၊ နီအာဆင်း၁.၁၄၆ မီလီဂရမ်၊ ခွန်အား ၁၂၅ ကယ်လိုရီ၊ ရေဓာတ် ၁၅၅.၃၄ ဂရမ်၊ ပရိုတင်း ၁.၅၈ ဂရမ်၊ Ash ဝ.၈၄ ဂရမ်၊ lipid ဝ.၈၄ ဂရမ်၊ ကဆီဓာတ် ၃၁.၄၁ ဂရမ်၊  သကြားဓာတ် ၂၈.၉၄ ဂရမ်၊ ချေဖျက်လွယ်သောအမျှင်ဓာတ်၂.၅ ဂရမ်၊ ကယ်လ်စီယမ် ၁၀.ဝ မီလီဂရမ်၊ မဂ္ဂနီစီယမ် ၁၉ မီလီဂရမ်၊  သံဓာတ် ဝ.၅၉ မီလီဂရမ်၊ ရီဘိုဖလာဗင် ဝ.၁၂၄ မီလီဂရမ်၊သီအာမင် ဝ.ဝ၂၁ မီလီဂရမ်၊ ဗီတာမင်စီ ၁၃၅.၉ မီလီဂရမ်၊ စီလီနီယမ် ၁.၁ မိုက်ခရိုဂရမ်၊မဂ္ဂနီးစ် ဝ.၁၀၅ မီလီဂရမ်၊ ကော့ပါး ဝ.၂၈၁ မီလီဂရမ်၊ ဇင့် ဝ.၁၃ မီလီဂရမ်၊ ဆိုဒီယမ် ၂.ဝမီလီဂရမ်၊ ပိုတက်စီယမ် ၃၂၅ မီလီဂရမ်၊ ဖော့စဖရက်စ် ၅၉.ဝ မီလီဂရမ်စသည်တို့  အသီးသီးပါရှိနေကြသည်။

•    ခန္ဓာကိုယ်အတွက်ခွန်အားများကို တိုးပွားစေနိုင်ပြီး ကိုယ်ခံစွမ်းအားကိုတိုးတက်မြင့်မားစေသည်။
•    ခန္ဓာကိုယ်အတွက်လိုအပ်သော အရည်ဓာတ်ကိုဖြည့်တင်းပေးနိုင်သည်။
•    လိုက်ချီးထဲတွင် citrus အက်ဆစ်ကဲ့သို့သော ဗီတာမင်စီ၄၀ ရာခိုင်နှုန်းခန့်ပါရှိရာ၊လိမ္မော်သီး ထဲတွင် ပါဝင်မှုပမာဏထက်ပို၍များသည်။ ထို့ကြောင့်ခန္ဓာကိုယ်တွင်းကောင်းကျိုးမပြုသော free radicalsများ ကို တိုက်ထုတ်ပေးနိုင်သည်။Natural Cancer Treatment ၏သုတေသနပြုချက်အရလိုက်ချီးသီးက ကင်ဆာ ဆဲလ်များကြီးထွားလာမှုကို ဟန့်တားပေးနိုင်ကြောင်း၊ အထူးသဖြင့်ရင်သားကင်ဆာဖြစ်ပေါ်လာခြင်းမှကာကွယ် ပေးနိုင်ကြောင်းလေ့လာသိရှိရသည်။

•    လိုက်ချီးထဲတွင်ပါဝင်သော ဘီတာကယ်ရိုတင်း ပမာဏသည်မုန်လာဥနီထက်ပိုသည်။
•    အစာကြေစေပြီး၊ဆီးရွှင်စေသည်။
•    လိုက်ချီးသီးတစ်ခွက်စာပမာဏထဲတွင်ပါရှိသော ပိုတက်စီယမ်သည်လိမ္မော်သီးအသေးတစ်လုံးထဲတွင် ပါရှိမှုထက်ပိုသည်။ ပိုတက်စီယမ်ဓာတ်သည် ခန္ဓာကိုယ်အတွက် အရေးပါသော သတ္တုဓာတ်ဖြစ်ပြီး၊ သွေးဖိအားနှင့် နှလုံးခုန်နှုန်းတို့ကို ဟန်ချက်ညီညီထိန်းချုပ်ပေးနိုင်သည်။ သွေးခဲခြင်း၊ဆဲလ်များပျက်စီးခြင်းမှ ကြိုတင်ကာကွယ် ပေးနိုင်သည်။ထို့ပြင်နှလုံးကိုပုံမှန်ခုန်စေပြီး၊နှလုံးကြွက်သားများကျုံ့ခြင်း၊ချဲ့ခြင်းနှင့်နှလုံးသွေးကြောစီးဆင်း  လည်ပတ်မှုတို့ကိုကောင်းစွာအထောက်အပံ့ပေးသည်။

နှလုံးရောဂါဝေဒနာအမျိုးမျိုးတို့ကို သက်သာစေရုံသာမက၊ နှလုံးရောဂါဝေဒနာသည်များကိုလည်း၊ လေဖြတ်ခြင်းမှ၅၀ ရာခိုင်နှုန်း  သက်သာလျော့နည်းစေနိုင်သည်။
•    လိုက်ချီးသီးတွင် ကြေးနီ(Copper)ဓာတ်များ အလုံအလောက်ပါရှိခြင်းကြောင့် သွေးနီဥများကို  ထုတ်လုပ်ပေးနိုင်သဖြင့် သွေးအားကောင်းစေပြီး၊ ခွန်အားတိုးပွားစေနိုင်သောကြောင့် သွေးအားနည်းသူများနှင့် သက်ကြီးရွယ်အိုများ စားသုံးသင့်သည်။

•    ခန္ဓာကိုယ်အတွက်လိုအပ်သော အမျှင်ဓာတ်နှင့်ကစီဓာတ်တို့ကြွယ်ဝစွာပါရှိသည်။
•    လိုက်ချီးသီးထဲတွင် ကယ်လ်စီယမ်၊ဖော့စဖရက်နှင့်မဂ္ဂနီစီယမ်စသည့် သတ္တုဓာတ်များပါရှိသော ကြောင့် အရိုးနှင့်သွားများကြီးထွားမှုအတွက် အလွန်အရေးပါသဖြင့် ကြီးထွားဖွံ့ဖြိုးနေဆဲကလေးငယ်များကိုလည်း လိုက်ချီးသီးကျွေးမွေးသင့်သည်။

•    ရာသီဥတုအပြောင်းအလဲတွင်ဖြစ်လေ့ရှိသော အအေးမိနှာစေး၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း စသည့်အပရိကရောဂါများအတွက် လိုက်ချီးသီးကအစွမ်းထက်မြက်လှသည်။ ဖျားနာနေသောသူများလည်း စားပေး ခြင်းဖြင့် သက်သာလာစေနိုင်သည်။

•    လိုက်ချီးသီးစားသုံးခြင်းက နာကျင်မှုကို လျော့ကျစေပြီး၊ ဂလင်းတွေရောင်ရမ်းမှုကို သက်သာစေနိုင် သည်။
•    လိုက်ချီးသည်အရသာအလွန်ချိုသော်လည်း ၄င်းထဲတွင်ပါရှိသော သကြားဓာတ်က သဘာဝသစ်သီး သကြားဓာတ်ဖြစ်သည်။ ကယ်လိုရီပါဝင်မှုနည်းပြီး မပြည့်ဝဆီနှင့် ကိုလက်စထရောလုံးဝမပါရှိသည့်အပြင်၊ ကြေညက်လွယ်သော အမျှင်ဓာတ်များ ကြွယ်ဝစွာပါရှိသည့်အတွက် ခန္ဓာကိုယ်အလေးချိန် ပုံမှန်ထိန်းသိမ်း လိုသူများ စိတ်ကြိုက်စားသုံးနိုင်သော အသီးဖြစ်သည်။ ကိုယ်အလေးချိန် ကျဆင်းစေသည်။

•    လိုက်ချီးစားသုံးခြင်းကြောင့် အသားအရည်ကိုကောင်းမွန်တိုးတက်လှပစေပြီး၊ မျက်နှာပေါ်ရှိအစက် အပြောက်များကို  သက်သာလာစေနိုင်သည်။
•    ဖက်ခွက်နာ၊ပြည်တည်နာစသော ကိုယ်တွင်းကိုယ်ပအနာများကို ကာကွယ်ပေးနိုင်သည်။
•    ကာမအားကိုတိုးပွားစေသည်။
•    အစာအိမ်ရောင်ရမ်းနာဝေဒနာအတွက် လိုက်ချီးကအလွန်ကောင်းကျိုးပြုသည်။
•    လိုက်ချီးသီးထဲတွင် အခြားအသီးများနှင့်မတူ oligonol(ခေါ်)ဓာတ်တိုးဆန့်ကျင် ပစ္စည်းတစ်မျိုး ပါရှိနေသည့်အတွက် တုပ်ကွေးဗိုင်းရပ်စ်ပိုးများကို တွန်းလှန်ပေးနိုင်သည်။ ထို့ပြင် ခန္ဓာကိုယ်ထဲရှိ အင်္ဂါအဖွဲ့ အစည်းများထဲတွင် သွေးလည်ပတ်စီးဆင်းမှု တိုးတက်ကောင်းမွန်စေသည်။

•    ဂျပန်နိုင်ငံရှိ Kyorin University က အရေပြားပေါ်တွင် ခရမ်းလွန်ရောင်ခြည်သက်ရောက်မှုကို လိုက်ချီးသီးစားခြင်းဖြင့် ကာကွယ်ပေးနိုင်ကြောင်း အကြံပြုထားသည်။
•    လိုက်ချီးသီးသည် သီအာမင်၊ နီအာစင်း နှင့်ဖောလိပ်စသည့် ဗီတာမင်ဘီ ဓာတ်ပေါင်းစုတို့စုဝေးရာ သဘာဝ အရင်းအမြစ်ဖြစ်သောကြောင့် ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်ပျက်မှုအလုံးစုံကို အထောက်အပံ့ဖြစ်စေသည်။
•    အရွယ်တင်နုပျိုစေရန်နှင့်အသက်ရှည်စေရန်အတွက် လိုက်ချီးသီးကိုတရုတ်ရိုးရာတိုင်းရင်းဆေးဝါးကုထုံးများတွင် အသုံးပြုလေ့ရှိသည်။

မှတ်ချက်။
လိုက်ချီးသီးတွင် လူသားတို့ကျန်းမာရေးအတွက် ဘေးထွက်ဆိုးကျိုးလုံးဝမရှိပါ။ သို့သော် -
•    အမှည့်လွန်သော အသီးများတွင်အချဉ်ဓါတ်ပေါက်သည့် အရသာရှိ၍ လတ်ဆတ်သောအသီးများ ကိုသာ စားသုံးပါ။
•    အစာအိမ်ထဲတွင် အစာမရှိဘဲ လိုင်ချီးသီးမစားပါနှင့်။ ရုတ်တရက် ဝက်ရူးပြန်ရောဂါကဲ့သို့ အတက် ရောဂါဖြစ်ပွားပြီး အသက်အန္တရာယ် ရှိနိုင်သည်။
နိုင်ငံတကာဆေးသိပ္ပံပညာရှင်များက ရှုထောင့်အမျိုးမျိုးမှ လေ့လာစမ်းသပ်ကာ၊ လိုက်ချီးသီး၏ သူမတူ အောင် ဆေးဖက်ဝင်ပုံကို ဖော်ထုတ်နိုင်ခဲ့ကြပါပြီ။ထို့ကြောင့် အရသာလည်းရှိကာ ကောင်းမွန်လတ်ဆတ်သော လိုက်ချီးသီးကို အဆာပြေသွားရည်စာအဖြစ်သာမက “ အစာလည်းဆေး၊ ဆေးလည်းအစာ”အဖြစ် မှီဝဲစားသုံးစေလိုပါကြောင်း တိုက်တွန်းလိုက်ရပါသည်။

ပေါက်ပေါက်






အခြားဆက်စပ်သတင်းများ