နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သစ်တောများ မပြုန်းတီးရေး ဖြည့်စွက်စိုက်ပျိုးပေး

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် မိုးရာသီရောက်တိုင်း စုပေါင်းသစ်ပင်စိုက်ပျိုးပွဲများ ကျင်းပလျက်ရှိသည်။ သစ်ပင်စိုက်ပွဲ များတွင် အသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများ၊ တပ်ရင်း တပ်ဖွဲ့များ စုပေါင်းသစ်ပင်စိုက်ပျိုးကြသည်။

 မြန်မာနိုင်ငံသစ်တောလွှမ်းခြုံမှုကိုကြည့်ပါက ၂၀၁၀ ပြည့်နှစ် တွင် ၄၆ ဒသမ ၉၆ ရာခိုင်နှုန်းအထိ ကျဆင်းလာသည်ဟု သက်ဆိုင်ရာ က ထုတ်ပြန်ထားသည်။ နိုင်ငံလူဦးရေတိုးပွားလာသည်နှင့်အမျှ သစ်တောသယံဇာတများကို ထုတ်ယူသုံးစွဲမှုများ၊ ပျက်စီးပြုန်းတီးမှု များ ပိုမိုများပြားလာသည်။

 ယင်းအကျိုးဆက်အဖြစ် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီး ပြီး ရေအရင်းအမြစ်များ လျော့နည်းပျောက်ဆုံးလာပြီး ရာသီဥတု ဖောက်ပြန်လာသည်။ စိုက်ပျိုးရေသာမက၊ သောက်သုံးရေရှားပါး  ပြတ်လပ်မှုများ ကြုံတွေ့လာပြီး လူမှုစီးပွားဘဝထိခိုက်မှုများ ဖြစ်ပေါ်စေသည်။

 ထို့ကြောင့်သစ်တောသစ်ပင်များ  မပြုန်းတီးစေရန်ဝိုင်းဝန်း ထိန်းသိမ်းခြင်း၊ ပြန်လည်ဖြည့်စွက်စိုက်ပျိုးခြင်းတို့ကို ဆောင်ရွက် ကြရာတွင် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲများက တစ်ထောင့် တစ်နေရာမှ ပါဝင်လာရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သစ်ပင် စုပေါင်းစိုက်ပျိုးနိုင်ခဲ့သည်။

 စိုက်ပျိုးထားသည့်အပင်များ ရှင်သန်အောင်ပြုစုပျိုးထောင်ခြင်း၊ သစ်တောထိန်းသိမ်းခြင်းလုပ်ငန်းများကိုလည်း ရေရှည်အကျိုးအတွက် မျှော်မှန်းဆောင်ရွက်ရမည်ဖြစ်သည်။ သားစဉ်မြေးဆက်အကျိုးကျေးဇူး ခံစားရမည့်လုပ်ငန်းလည်းဖြစ်သည်။

သဘာဝသယံဇာတများနှင့်ပတ်ဝန်းကျင် ရေရှည်တည်တံ့ရေး အတွက် စဉ်ဆက်မပြတ်စားသုံးခြင်းနှင့်ထုတ်လုပ်ခြင်းသည် အရေးကြီး သည်။ သစ်ပင်စိုက်ပျိုးပွဲတော်များ ကျင်းပခြင်း၊ တရားမဝင်သစ်ခိုး ထုတ်မှုများအား ဖမ်းဆီးအရေးယူခြင်း၊ ဂေဟစနစ်များကောင်းမွန်ရေး ဘေးမဲ့တောများ ထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။

 ယခုအခါ မြန်မာနိုင်ငံတစ်ဝန်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများ ကျင်းပလျက်ရှိရာ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ် ခရိုင်၊ မြို့နယ်၊ ကျေးရွာများတွင်  သက်ဆိုင်ရာဌာနများနှင့်လူမှုရေး အသင်းအဖွဲ့များ၊  တပ်မတော်တပ်ရင်း၊  တပ်ဖွဲ့များ၊  ရဲတပ်ဖွဲ့ဝင်များ က ဦးဆောင်စိုက်ပျိုးလျက်ရှိသည်။

သို့ဖြစ်ရာ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် လူတိုင်းတာဝန်သိသိဖြင့် သစ်ပင်စိုက်ပျိုးခြင်းဖြင့် အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူ ဆောင်ရွက်စေချင်ကြောင်း တိုက်တွန်းနှိုးဆော်ရပါကြောင်း။    ။






အခြားဆက်စပ်သတင်းများ