နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စက်မှုလယ်ယာစနစ် ကူးပြောင်းရာဝယ်

မြန်မာ့လယ်ယာကဏ္ဍသည် စက်မှုလယ်ယာခေတ်ကို ဦးတည် လျှောက်လှမ်း နေသည်။ ယခုအခါ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ငွေကြေးအရင်းအနှီးများ ချေးယူနိုင်သည့်အခွင့်အလမ်းများ ပေါ်ထွန်း လာနေပြီဖြစ်သည်။

 မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည်  လယ်ယာလုပ်ငန်းသုံး ထွန်စက်ကြီးများ၊ ရိတ်သိမ်းခြွေလှေ့စက်၊ ထော်လာဂျီလက်တွန်း ထွန်စက်၊ ဆန်စက်၊ ဆီစက်၊ စားသောက်ကုန် ထုတ်လုပ်သည့်စက်များ ဝယ်ယူရန်နှင့် စက်ရုံ၊ သိုလှောင်ရုံ၊    ဂိုဒေါင် တည်ဆောက်ခြင်း၊ ပြုပြင်မွမ်းမံ ခြင်းတို့အတွက် အရင်းအနှီးလိုအပ်လျက်ရှိသူ တောင်သူဦးကြီးများသို့ စိုက်ပျိုးရေးနှင့်ကျေးလက်ဖွံ့ဖြိုးရေးနှစ်ဆင့်ချေးငွေများကို  တစ်နှစ် လျှင်အတိုးနှုန်းငါးရာခိုင်နှုန်းဖြင့် ထုတ်ချေးလျက်ရှိသည်။

ချေးငွေပမာဏမှာ တောင်သူတစ်ဦးချင်းအတွက်အများဆုံး ကျပ်သိန်း ၇၀၀၊ တောင်သူအစုအဖွဲ့တစ်ဖွဲ့အတွက် အများဆုံး ကျပ် သိန်း ၅၀၀၀ အထိ ထုတ်ချေးနိုင်ပြီး တောင်သူစိတ်ကြိုက်ဝယ်ယူ လိုသည့် လယ်ယာသုံး စက်ကိရိယာများကို စက်ကိရိယာအရောင်းပြခန်းကုမ္ပဏီများတွင် ရွေးချယ်ဝယ်ယူနိုင်သည်။

 နိုင်ငံတော်သည်   စက်မှုလယ်ယာမြေစနစ်ဖော်ထုတ်နေရာ တွင်   တိုင်းဒေသကြီးနှင့်ပြည်နယ်အားလုံးပျံ့နှံ့ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ခေတ်မီလယ်ယာ သုံးစက်ကိရိယာများကို ကျွမ်းကျင်ပိုင်နိုင်စွာအသုံးပြုရေး၊ ရေရှည် အသုံးပြုနိုင်ရန်ပြုပြင်ထိန်းသိမ်းရေး၊  ကျွမ်းကျင်ပညာရှင်များ မွေးထုတ်လျက်ရှိရာ စက်မှုလယ်ယာဦးစီးဌာနမှ နိုင်ငံ့ဝန်ထမ်းကျွမ်းကျင်ပညာရှင်များ လေ့ကျင့်မွေးထုတ်ပေးလျက်ရှိသကဲ့သို့ လယ်ယာသုံးစက်ကိရိယာများ  အရောင်းပြခန်းကုမ္ပဏီများက ကျွမ်းကျင်သူများကလည်း သင်ကြားပို့ချပေးလျက်ရှိသည်။

 စက်မှုလယ်ယာများဖော်ထုတ်ရာတွင်  ထွန်ယက်စိုက်ပျိုးချိန်မှစ၍ ရိတ်သိမ်း ခြွေလှေ့သည်အထိ စက်ကိရိယာများဖြင့်ဆောင်ရွက်ကြရာ လိုအပ်သော မြေအကျယ်အဝန်းတိုင်းတာခြင်း၊ ကန်သင်းဖျက်ခြင်း၊ ထယ်ထိုး၊ ထယ်ချခြင်း၊ မြေညှိခြင်း၊ တစ်သီးမှနှစ်သီး သုံးသီးစိုက်ပျိုး နိုင်ရေး ရေသွင်းရေထုတ်စနစ်များ၊  ထွက်ရှိလာသောသီးနှံများကို သယ်ယူရောင်းချနိုင်ရေး ကုန်ထုတ်လမ်းများစသည်ဖြင့် အဆင့်ဆင့် ဆောင်ရွက်သွားရမည်ဖြစ်သည်။

 စနစ်ကျစက်မှုလယ်ယာမြေစနစ်အဖြစ်ပြောင်းလဲ  စိုက်ပျိုး နိုင်ရေး  စက်မှုလယ်ယာဦးစီးဌာန ဖော်ထုတ်ဆောင်ရွက်ပေးလျက်ရှိ သည်။ မျက်မှောက်ကာလတွင် ပြောင်းလဲလာသောခေတ်စနစ်နှင့် အညီ ကဏ္ဍအလိုက်ပြုပြင်ပြောင်းလဲမှုများကို  ဆောင်ရွက်လျက်ရှိရာ လယ်ယာကဏ္ဍ တိုးတက်မြင့်မားရေးအတွက် သက်ဆိုင်ရာဌာနများ  ကြိုးပမ်းဆောင်ရွက်ရန်  တိုက်တွန်းနှိုးဆော်ရပါကြောင်း။    ။






အခြားဆက်စပ်သတင်းများ