နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အီတလီနိုင်ငံတွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကတည်းက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့ခဲ့ခြင်းဖြစ်

ဇွန် ၂၀   ရောမ


အီတလီနိုင်ငံတွင် ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်လူနာ မတွေ့မီ လအတော်ကြာဖြစ်သည့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကတည်းက အီတလီနိုင်ငံ၏ မြို့နှစ်မြို့ရှိ ရေဆိုးစနစ်တွင် ကိုရိုနာဗိုင်းရပ်စ် အစအနများ တွေ့ရှိရသည်ဟု သိပ္ပံပညာရှင်များက ပြောသည်။ ဒီဇင်ဘာလ ၁၈ ရက်က မီလန်မြို့နှင့် တူရင်မြို့များ၏ ရေဆိုးစနစ်တွင် ဗိုင်းရပ်စ် အစအနများ တွေ့ရသည်ဟု အမျိုးသားကျန်းမာရေးသိပ္ပံဌာန(ISS)က ပြောသည်။ ကိုရိုနာဗိုင်းရပ်စ်မှာ အခြားနိုင်ငံများတွင်လည်း ထင်မှတ်ထားသည့်အချိန်ထက် ကူးစက်ပျံ့နှံ့မှု ပိုစောခဲ့ဖွယ်ရှိကြောင်း အထောက်အထား ပိုများလာခြင်းဖြစ်သည်။ 


ဒီဇင်ဘာလနှောင်းပိုင်းတွင်  တရုတ်နိုင်ငံ၌ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်ပွားခဲ့သည်ဟု တရုတ်အရာရှိများက အတည်ပြုသည်။ အီတလီနိုင်ငံတွင် ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည့်လူနာကို ဖေဖော်ဝါရီလလယ်တွင် တွေ့ရှိခဲ့သည်။ ဓာတ်ခွဲနမူနာများကို စမ်းသပ်စစ်ဆေးမှုအရ ဒီဇင်ဘာလ ၂၇ ရက်က ပါရီမြို့အနီးတွင် အဆုတ်ရောင်ရောဂါ ခံစားနေရဖွယ်ရှိသည်ဟု သတ်မှတ်ထားသည့် လူနာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရခြင်းဖြစ်ကြောင်း ပြီးခဲ့သည့်မေလတွင် ပြင်သစ်နိုင်ငံမှ သိပ္ပံပညာရှင်များက ပြောသည်။ စပိန်နိုင်ငံမှ လေ့လာမှုတစ်ရပ်အရ စပိန်နိုင်ငံတွင် ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် လူနာမတွေ့မီ ရက် ၄၀ အလိုဖြစ်သည့် ဇန်နဝါရီလအလယ်ကတည်းက ဘာစီလိုနာမြို့ ရေဆိုးစနစ်အတွင်း ကိုရိုနာဗိုင်းရပ်စ် အစအန တွေ့ရှိခဲ့သည်ဟု လေ့လာမှုတစ်ရပ်တွင် ဖော်ပြသည်။


အီတလီနိုင်ငံမှ သိပ္ပံပညာရှင်များမှာ ပြီးခဲ့သည့်အောက်တိုဘာလနှောင်းပိုင်းမှ ဖေဖော်ဝါရီလကြား ကာလအတွင်း အီတလီနိုင်ငံမြောက်ပိုင်း ရေဆိုးသန့်စင်သည့်စက်ရုံများမှ ရေဆိုးနမူနာ ၄၀ ကို ဓာတ်ခွဲ စမ်းသပ်ခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း ရယူခဲ့သည့် နမူနာများတွင် ကိုရိုနာဗိုင်းရပ်စ် အစအန မတွေ့ရသေးခြင်းကြောင့် ထိုစဉ်က အီတလီနိုင်ငံသို့ ကိုရိုနာဗိုင်းရပ်စ် မရောက်သေးဟု သတ်မှတ်နိုင်သည်။ ကမ္ဘာ့နိုင်ငံအများအပြားတွင်လည်း ရေဆိုးနမူနာများကို ဓာတ်ခွဲစစ်ဆေးပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ဖော်ထုတ်ရန် ကြိုးပမ်းလျက်ရှိသည်။                                             

 (KNT)






အခြားဆက်စပ်သတင်းများ