ဇွန် ၂၀ ဘရာစီလီယာ
ဘရာဇီးနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ခံရသူ တစ်သန်းကျော်ရှိလာသည့် ကမ္ဘာ့ဒုတိယမြောက် နိုင်ငံဖြစ်လာခဲ့သည်။ ပြီးခဲ့သည့် ၂၄ နာရီအတွင်း ဘရာဇီးနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စံချိန်တင်မြင့်တက်ခဲ့ပြီး ၅၄၀၀၀ ကျော်ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ထို့အပြင် ပြီးခဲ့သည့်လေးရက်ဆက်တိုက် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၂၀၀ ကျော်ရှိခဲ့ပြီး စုစုပေါင်းသေဆုံးသူ ၄၉၀၀၀ နီးပါး ရှိလာခဲ့သည်။
ရောဂါစစ်ဆေးမှု လုံလောက်စွာပြုလုပ်နိုင်ပါက အမှန်တကယ် ရောဂါကူးစက်ခံရသူ ပိုများလာဖွယ်ရှိပြီး ရောဂါကူးစက်ပျံ့နှံ့မှုအထွတ်အထိပ်ရောက်ရန် သီတင်းပတ်များစွာ လိုအပ်နေသေးသည်ဟု ကျွမ်းကျင် ပညာရှင်များက ဆိုသည်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါမှာ အန္တရာယ်ဖြစ်စေနိုင်သည့် အဆင့်သစ်တစ်ခုသို့ ရောက်ရှိနေပြီဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့( WHO)က ထုတ်ပြန်ခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ဘရာဇီးနိုင်ငံက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက်ကို ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ ပိတ်ဆို့မှုစည်းမျဉ်းများ ဖြေလျှော့လာကြပြီး အစိုးရအဖွဲ့များက စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်ရန် လုပ်ဆောင်လျက်ရှိရာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်လာသည်ဟု WHO ညွှန်ကြားရေးမှူးချုပ် ဂီဘရီယီဆပ်က ပြောသည်။
(KNT)