ရန်ကုန် ဇွန် ၂၀
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနအောက်ရှိ တာမွေမြို့နယ်(က+ဂ)ရပ်ကွက်၊ ကျိုက္ကဆံလမ်းမကြီးဘေးမှ တာမွေ(ယာယီ)ဈေးကြီးကို ခေတ်နှင့်လျော်ညီသည့် အဆင့်မြင့် ငါးထပ်ဈေးသစ်ကြီး အဖြစ် တည်ဆောက်တော့မည်ဖြစ်ကြောင်း ဈေးများဌာနမှ သိရသည်။
"တာမွေဟာ ရန်ကုန်ရဲ့ အချက်အချာကျတဲ့နေရာဖြစ်ပါတယ်။ ဒီလို အချက်အချာကျတဲ့နေရာမှာ ဈေးကြီးက ယိုယွင်းပျက်စီးနေတယ်။ မြို့ပြအင်္ဂါရပ်နဲ့လည်း ညီညွတ်မှုမရှိဘူး။ မြို့ဖွံ့ဖြိုးမှုအရလည်း ခေတ်နောက်ကျ ကျန်ခဲ့တဲ့ အခြေအနေဖြစ်နေတယ်။ ဒါကြောင့် မဖြစ်မနေ အဆင့်မြှင့်တင်ရမယ့် အခြေအနေပါ။ လမ်းဘေးပျံကျ ဈေးတွေ ပျောက်သွားပြီး အဆင့်မြင့်ဈေးကြီးတွေ ပေါ်ထွန်းလာစေချင်တယ်"ဟု တာမွေ(ယာယီဈေး) တာဝန်ခံ ဦးသူရဝင်းက ပြောသည်။
တာမွေ(ယာယီဈေး) သည် ယခင်က ဈေးရုံအဟောင်း(၁၈)ရုံရှိပြီး ဆိုင်ခန်းပေါင်း ၆၀၈ ခန်းရှိသည်။ အဆိုပါ ဈေးဆိုင်ခန်းများအတွက် ယာယီဆိုင်တန်းများကို ၂၀၁၉ ခုနှစ် ဩဂုတ်လဆန်းပိုင်းက စတင်တည်ဆောက်ခဲ့ရာ ယခုအခါ ယာယီဈေးဆိုင်ခန်းများ တည်ဆောက်မှု ၈၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်၍ လာမည့် ဇူလိုင် ၁၀ ရက်တွင် ယာယီဈေးဆိုင်ခန်းသစ်များပေါ်သို့ ပြောင်းရွှေ့ရောင်းချခွင့်ရတော့မည်ဖြစ်သည်။ အကြောင်း အမျိုးမျိုးကြောင့် ဆိုင်ဖွင့်ရောင်းချနိုင်မှုမရှိသော တာမွေပလာဇာမှ ဆိုင်ခန်း ၃၀ ကျော်ကိုလည်း ပြန်လည် နေရာချပေးမည်ဖြစ်၍ စုစုပေါင်း ဆိုင်ခန်း ၆၄၂ ခန်း နေရာချပေးမည်ဖြစ်ကြောင်း သိရသည်။
ဆိုင်ခန်းပြောင်းရွှေ့သည့်လုပ်ငန်းများ ပြီးစီးပါက ယခုဈေးဟောင်းနေရာ၌ အဆင့်မြင့်ငါးထပ်ဈေးသစ်ကြီး စတင်တည်ဆောက်မည်ဖြစ်ပြီး အဆိုပါဈေးသစ်ကြီး၏ မြေညီထပ်နှင့်ပထမထပ်တို့တွင် ယခင်ဈေးဟောင်းမှ ဆိုင်ခန်းများကို ပြန်လည်နေရာချထားပေးမည်ဖြစ်သည်။ ဒုတိယထပ်နှင့်တတိယထပ်တွင် ကားအစီးရေ ၃၈၀ ဝန်းကျင်ဆံ့ ကားပါကင်ပါရှိမည်ဖြစ်ပြီး အပေါ်ဆုံးထပ်တွင် အများပြည်သူအပန်းဖြေနိုင်မည့် ဖျော်ဖြေရေးဆိုင်ရာ နေရာများ ထည့်သွင်းတည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။
"တာမွေ(ယာယီဈေး) ကို အဆင့်မြင့် ငါးထပ်ဈေးသစ်အဖြစ် တည်ဆောက်ပေးမယ်ဆိုတော့ ဝမ်းသာပါတယ်။ အခုလည်း မြို့တော်စည်ပင်နှင့်ကုမ္ပဏီပူးပေါင်းပြီး ယာယီဈေးဆိုင်ခန်းသစ်တွေကို သပ်သပ်ရပ်ရပ်နဲ့ တည်ဆောက်ပေးတော့ အတော်လေးကို အဆင်ပြေပါတယ်။ အချို့တော့ အခက်အခဲ နည်းနည်းရှိတာပေါ့။ တစ်ခုပဲ တင်ပြချင်တာက ခုလိုဈေးတွေ ဆောက်ပြီးရင် သက်ဆိုင်ရာအနေနဲ့ လမ်းဘေးပျံကျဈေးသည်တွေကို တော့ လုံးဝမရှိအောင် ထိန်းသိမ်းပေးစေချင်တယ်"ဟု တာမွေ(ယာယီဈေး) မှ ဈေးဆိုင်ပိုင်ရှင်တစ်ဦးဖြစ်သူ ဦးမျိုးဝင်းဦးက ပြောသည်။
အဆင့်မြင့် ငါးထပ်ဈေးကြီးတည်ဆောက်ရန်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ၂၀၁၉ ခုနှစ်က တင်ဒါခေါ်ယူခဲ့ရာ 111 (တစ်သုံးလုံး) ကုမ္ပဏီက တင်ဒါအောင်ခဲ့ပြီး အကျိုးတူ ခံစားခွင့်အနေဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ၅၈ ရာခိုင်နှုန်းနှင့် တင်ဒါအောင် ကုမ္ပဏီက ၄၂ ရာခိုင်နှုန်း အကျိုးခံစားခွင့် ရရှိမည်ဖြစ်သည်။ တင်ဒါအောင် ကုမ္ပဏီအနေဖြင့် မြေပြင်လုပ်ငန်းများအပါအဝင် ယာယီဆိုင်ခန်းများ ဆောက်လုပ်ခြင်းကို ပြီးခဲ့သည့်နှစ် ဩဂုတ်လဆန်းက စတင်ဆောင်ရွက်ခဲ့ပြီး ယာယီ ဆိုင်ခန်း နေရာချထားမှုများ ပြီးစီးပါက ငါးထပ်ဈေးသစ်ကြီးကို လပေါင်း ၃၀ အတွင်း အပြီး တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
AMH(မြို့တော်သတင်း)