နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း စနစ်တကျ လိုက်နာစေချင်

ရန်ကုန်မြို့တော်ကြီးကို နိုင်ငံတကာမြို့တော်ကြီးများနှင့်အညီ ဖွံ့ဖြိုးတိုးတက်စေရန် ပြုပြင်ပြောင်းလဲမှုများ ပြလုပ်လျက်ရှိသည်။ ရန်ကုန်မြို့တော်တွင် လူဦး‌ရေတိုးတက်များပြားလာမှု၊ ယာဉ်စီးရေ တိုးတက်များပြားလာမှု၊ တစ်နိုင်ငံလုံးမှ ကုန်စည်များ စုစည်း ရောက်ရှိ၍ ကုန်သွယ်မှုထွက်ပေါက်ဖြစ်ခြင်း၊ ပြည်တွင်းပြည်ပ ခရီးသွားများ ဆုံစည်းရာ မြို့တော်ဖြစ်ခြင်းတို့ကြောင့် ယာဉ်ကြော ကျပ်တည်းမှုများ ဖြစ်ပေါ်လျက်ရှိသည်။

ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းရေးအတွက် တာဝန်ရှိသူ များက နည်းလမ်းမျိုးစုံဖြင့် ဖြေရှင်းဆောင်ရွက်နေသော်လည်း ပြေလည်မှုမရှိသေးသည်မှာ အထင်အရှားပင်ဖြစ်သည်။ အထူးသဖြင့် ကွန်တိန်နာယာဉ်အုပ်စုများ ဆိပ်ကမ်း၊ အဝင်အထွက်မှစတင်ကာ ယာဉ်ကြောကျပ်တည်းမှုများ ဖြစ်ပေါ်လျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရမှလည်း မြို့တော်အတွင်း ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းများ ထိန်းသိမ်းရာတွင် အထောက်အကူ ဖြစ်စေရန် ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းရေး၊ ခရီးသွားပြည်သူ လူထု အဆင်ပြေစွာ ခရီးသွားလာနိုင်ရေး၊ လမ်းကြောများ ချဲ့ထွင် ပေးခြင်း၊ ယာဉ်များ အကြောင်းမဲ့ရပ်တန့်ခြင်းမပြုရန်နှင့် ခရီးသည် တင်ယာဉ်များ ရပ်၊ တင်၊ ချ စနစ်ကျင့်သုံးလျက် ဆောင်ရွက်ပေး လျက်ရှိသည်။

ခရီးသည်ပို့ဆောင်ရေး ယာဉ်များ၊ ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းလိုက်နာနိုင်ရေး၊ ခရီးသည်များကို ကောင်းမွန်သော ဆက်ဆံမှုနှင့် ဝန်ဆောင်မှုပေးနိုင်ရေးအတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့ ဝင်များနှင့် သက်ဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များက ဆောင်ရွက်လျက်ရှိသည်။

ခရီးသွားပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း စေရန် ရည်ရွယ်လျက် ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းစင်ရေးကောင်စီ (YRSC) ၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ (YRTC)က YBS ယာဉ်များ တစ်စီးနှင့် တစ်စီး ကျော်တက် မောင်းနှင်ခြင်းမပြုရန် စတစ်ကာကမ်ပိန်းပြုလုပ်ခြင်းကို မတ် ၁၅ ရက်က ပြုလုပ်ခဲ့သည်။ ဘတ်စ်ကားမှတ်တိုင်များရှိ မျဉ်းဝါကွက် များအတွင်း အခြားယာဉ်ငယ်များနှင့် YBS မဟုတ်သည့် ယာဉ်များ ဝင်ရောက်ရပ်တန့်သည်ကို စောင့်ကြည့်ဖယ်ရှားသည့်အဖွဲ့များ YRTC ၊ ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိသည်။

ယာဉ်မောင်းသူများ၏ စည်းကမ်းတကျလိုက်နာမှု၊ မောင်းနှင်မှု၊ လမ်းအသုံးပြုသူများ၏ သတိမဲ့မှုများကြောင့် လမ်းများပေါ်တွင် အကျည်းတန်အရုပ်မဆိုးအောင် ကိုယ်စီအသိစိတ်ဖြင့် ဝိုင်းဝန်း ဆောင်ရွက်စေချင်ကြောင်း တိုက်တွန်းရပေသည်။      ။






အခြားဆက်စပ်သတင်းများ