နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပင်နယ်တီဖြင့် အာဆင်နယ်ကို အနိုင်ရပြီး စပို့တင်းအသင်း ကွာတားဖိုင်နယ်တက်

မတ်    ၁၇

ယူရိုပါလိဂ် ၁၆ သင်းအဆင့်ရှုံးထွက် ဒုတိယအကျော့ပွဲစဉ်အဖြစ် အာဆင်နယ် အသင်းနှင့် စပို့တင်းအသင်းတို့ ယနေ့ နံနက်အစောပိုင်းက အမ်းမရိတ်ကွင်း၌ ယှဉ်ပြိုင်ကစားရာ စပို့တင်းအသင်းက ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရပြီး ကွာတားဖိုင်နယ်အဆင့်ကိုတက်လှမ်း ခဲ့သည်။

အဆိုပါပွဲစဉ်တွင် အာဆင်နယ် အသင်းက ပွဲကစားချိန် ၁၉ မိနစ်တွင် သွင်းယူခဲ့သော ဇာခါ၏သွင်းဂိုးဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့သော်လည်း စပို့တင်း အသင်း၏ လူကျွံဘောဖမ်းကစားပုံနှင့် Pressing ကောင်းမွန်မှုကြောင့် ခက်ခဲ သည့် ပွဲစဉ်တစ်ခုကို ရင်ဆိုင်ခဲ့ရသည်။

ဒုတိယပိုင်းတွင် အာဆင်နယ် အသင်းကစားသမားများ ကစားအား ကျဆင်းလာခဲ့ပြီး စပို့တင်းအသင်း၏ ဖိအားပေးခြင်းကိုခံခဲ့ရသည်။ ပွဲကစားချိန် ၆၂ မိနစ်တွင် ဂွန်ကာဗက်စ်က အာဆင်နယ်ဂိုးသမားရမ်ဒေးလ် ရှေ့တက်နေသည်ကို အခွင့်ကောင်းယူ၍ ကွင်းလယ်မှ လှလှပပကန်သွင်းခဲ့ပြီး စပို့တင်းအသင်းချေပဂိုးရရှိခဲ့သည်။

မိနစ် ၁၂၀ ထိ နှစ်သင်းစလုံးထပ်မံ ဂိုးသွင်းယူနိုင်ခြင်းမရှိသောကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာတွင် စပို့တင်းအသင်းက ကစားသမားငါးဦး စလုံးဂိုးဝင်ခဲ့ပြီး အာဆင်နယ်အသင်းက မာတင်နယ်လီ၏ကန်ချက်ကို စပို့တင်း ဂိုးသမားအဒမ် ကာကွယ်နိုင်ခဲ့သည်။

စပို့တင်းအသင်းနှင့် အာဆင်နယ် အသင်းတို့သည် ပထမအကျော့က တစ်ဖက်နှစ်ဂိုးစီဖြင့် သရေရလဒ်ထွက် ပေါ်ခဲ့ပြီး ဒုတိယအကျော့တွင် စပို့တင်းက ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင် ရကာ ယူရိုပါလိဂ်ကွာတားဖိုင်နယ် အဆင့်သို့တက်လှမ်းနိုင်ခဲ့ပြီး အာဆင်နယ် အသင်းက ၁၆ သင်းအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

သူရိန်







အခြားဆက်စပ်သတင်းများ