လေဖြတ်ရောဂါသည် ဦးနှောက်သို့ သွေးသွားလာစီးဆင်းမှု ရပ်ဆိုင်းသွားခြင်း (သို့မဟုတ်) လျော့နည်းသွားခြင်းတို့ကြောင့် ဖြစ်ပေါ်လာသောရလဒ်ဖြစ်သည်။ လေဖြတ်ရောဂါအမျိုးအစား နှစ်မျိုးရှိပြီး ယင်းတို့မှာ ဦးနှောက်သွေးကြောပေါက်၍ လေဖြတ်ခြင်း နှင့်ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်ခြင်းတို့ဖြစ်သည်။
လူ့ခန္ဓာကိုယ်၏ အရေးကြီးဆုံးအင်္ဂါအစိတ်အပိုင်းဖြစ်သည့် ဦးနှောက်သည် ယင်း၏လုပ်ငန်းများပုံမှန်ဆောင်ရွက်နိုင်ရန်လုံလောက် သော သွေးပမာဏကိုမရရှိပါက အဆိုပါဦးနှောက်အစိတ်အပိုင်းနှင့် သက်ဆိုင်သောခန္ဓာကိုယ်အစိတ်အပိုင်း၏ လုပ်ငန်းများရပ်ဆိုင်းသွားပြီး လေဖြတ်ရောဂါလက္ခဏာများဖြစ်ပေါ်လာခြင်းဖြစ်သည်။
ကမ္ဘာပေါ်တွင် တစ်နှစ်လျှင်လူဦးရေ ၁၅ သန်းမှာ လေဖြတ် ရောဂါခံစားရပြီး ယင်းတို့အနက်ခြောက်သန်းမှာ အသက်ဆုံးရှုံး လျက်ရှိကြောင်း ကမ္ဘာ့လေဖြတ်ရောဂါကာကွယ်ရေးအဖွဲ့က ထုတ်ပြန် ထားသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက လူ ၁၀ ဦး အသက် ဆုံးရှုံးတိုင်း တစ်ဦးသည်သွေးတိုးရောဂါကြောင့်ဖြစ်ကြောင်း ခန့်မှန်း တွက်ချက်ထားသည်။ သွေးပေါင်ချိန် ၁၄၀/၉၀ မီလီမီတာ မာကျူရီ နှင့် အထက်ရှိလျှင် သွေးတိုးရောဂါရှိသည်ဟု သတ်မှတ်ထားသည်။
သွေးတိုးရောဂါ၏လက္ခဏာများမှာ ခေါင်းမူးခြင်း၊ ခေါင်းကိုက် ခြင်း၊ ဇက်ကြောတက်ခြင်း၊ မျက်စိပြာခြင်း၊ အော့အန်ခြင်း၊ မိုက်ခနဲ မိုက်ခနဲဖြစ်ခြင်းနှင့် သတိလစ်ခြင်းတို့ဖြစ်သည်။ သွေးတိုးရောဂါ၏ နောက်ဆက်တွဲဝေဒနာများမှာ နှလုံးကြီးခြင်း၊နှလုံးညှစ်အားလျော့ ကျခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်း၊ ပိတ်ခြင်း၊ မျက်စိဝေခြင်း၊ မှုန်ခြင်း၊ ကွယ်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ ရုတ်တရက်ဦးနှောက် သွေးကြောပိတ်ခြင်း၊ ဦးနှောက်ရောင်ခြင်း၊ လေဖြတ်ခြင်းတို့ဖြစ် သည်။
အပူလွန်ကဲခြင်းသည် သွေးကိုပျစ်စေပြီး သွေးကြောပိတ်ခြင်း တို့ဖြစ်ပေါ်စေသည်။ အအေးလွန်ကဲခြင်းသည် သွေးပေါင်အတက် အကျတို့ဖြစ်ပေါ်စေသည်။ သွေးတိုးရောဂါသည် လူတို့နေထိုင်မှုဘဝ ဟန်နှင့်ဆက်သွယ်နေသည့် နာတာရှည်ရောဂါဖြစ်သည်။ မကူးစက် နိုင်သောရောဂါများတွင် သွေးတိုး၊ ဆီးချို၊ သွေးချို၊ နှလုံးသွေးကြော ကျဉ်း၊ လေဖြတ်ခြင်း၊ ကင်ဆာရောဂါတို့အပါအဝင် အခြားကျန်းမာရေးပြဿနာများပါဝင်သည်။
ယင်းရောဂါများကိုကာကွယ်ရန်နှင့်သွေးတိုးရောဂါ မဖြစ်ပွားစေ ရန်အတွက် ကြိုတင်ကာကွယ်ရန်လိုအပ်သည်။ ကိုက်လက်လှုပ်ရှား မှုနည်းပါးခြင်း၊ ဆား၊ အငန်နှင့်အဆီအစိမ့်အစားများခြင်း၊ စိတ်ဖိစီး မှုများခြင်း၊ ဆီးချို၊ သွေးချိုရောဂါရှိခြင်း၊ ဆေးလိပ်နှင့်အရက်အလွန် အကျွံသောက်ခြင်းတို့ကလည်း သွေးတိုးရောဂါဖြစ်ပွားခြင်းကို အားပေးသည်။
ကမ္ဘာအနှံ့လေဖြတ်ခြင်းပြဿနာမှာ လျင်မြန်စွာကြီးထွားလာ မှုကြောင့် ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်စားသောက်မှုပုံစံ များကို လူတိုင်းကိုယ်စီကျင့်သုံးကာ ကြိုတင်ကာကွယ်စောင့်ရှောက် ရေး တိုက်တွန်းနှိုးဆော်ရပါသည်။