မတ် ၈
ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ရှုံး ထွက် ဒုတိယအကျော့ပွဲစဉ်အဖြစ် ချဲလ်ဆီးအသင်းနှင့် ဒေါ့မွန်အသင်းတို့ ယနေ့ နံနက်အစောပိုင်းက စတန်းဖို့ဒ် ဘရစ်ချ်ကွင်း၌ ယှဉ်ပြိုင်ကစားရာ ချဲလ်ဆီးအသင်းက ဒေါ့မွန်အသင်းကို နှစ်ဂိုး၊ ဂိုးမရှိ (နှစ်ကျော့ပေါင်းရလဒ် နှစ်ဂိုး၊ တစ်ဂိုး)ဖြင့် အနိုင်ရရှိပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်း နိုင်ခဲ့သည်။
အဆိုပါ ပွဲစဉ်တွင် ချဲလ်ဆီးအသင်း က အိမ်ရှင်ပီပီ ကစားပုံ သိသိသာသာ ပိုကောင်းခဲ့ပြီး ဂိုးကန်သွင်းခွင့်များစွာ လည်း ဖန်တီးနိုင်ခဲ့သည်။ ဂျာအိုဖီးလစ်၊ စတာလင်နှင့် ဟာဗက်ဇ်တို့အပိုင် အခွင့်အရေးများကို အသုံးချနိုင်ခြင်း မရှိသကဲ့သို့ ဟာဗက်ဇ်၏ သွင်းဂိုးမှာ လည်း လူကျွံဘောဖြစ်နေခဲ့ခြင်းကြောင့် ချဲလ်ဆီးအသင်း ဂိုးရရှိမည့် အခွင့်အရေး များ လက်လွှတ်ခဲ့ရသည်။
ဒေါ့မွန်အသင်းက အဓိကတိုက် စစ်မှူး အဒီယီမီမပါဝင်ခြင်းနှင့်အတူ တိုက်စစ်ပိုင်းမှာ အားနည်းနေခဲ့ပြီး ဘောလုံး ပိုင်ဆိုင်မှုအသာစီးရယူနိုင် ခြင်းကလွဲ၍ ထိရောက်သည့်ဂိုးပေါက် ခြိမ်းခြောက်မှု အနည်းငယ်သာပြုလုပ် နိုင်ခဲ့သည်။
ချဲလ်ဆီးအသင်းအတွက် အဖွင့်ဂိုးကို ပွဲကစားချိန် ၄၃ မိနစ်တွင် စတာလင်က သွင်းယူပေးခဲ့ခြင်းဖြစ်ပြီး အနိုင်ဂိုး ကို ၅၃ မိနစ်တွင် ပင်နယ်တီကတစ်ဆင့် ဟာဗက်ဇ်က သွင်းယူပေးခဲ့သည်။ ပထမတစ်ကြိမ် ပင်နယ်တီကန်သွင်း ရာတွင် တိုင်ထိခဲ့သော်လည်းဟာဗက်ဇ် ဘောလုံးမထိခင် ဒေါ့မွန်ကစားသမား များ ဂိုးစည်းထဲ ရောက်နေခဲ့ခြင်းကြောင့် နောက်တစ်ကြိမ် ထပ်မံကန်ခွင့်ရခဲ့ပြီး အနိုင်ဂိုးရရှိခဲ့ ခြင်းဖြစ်သည်။
သူရိန်