ဘားအံ ဇွန် ၁၉
ကိုဗစ် ၁၉ ကာလ တာဝန်ထမ်းဆောင်နေကြသည့် ကရင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ အောက်ခြေဝန်ထမ်းများအဆင်ပြေစေရေးအတွက် ဆန်အိတ် ၁၂၅ အိတ်ပေးအပ်လှူဒါန်းပွဲကို ဇွန် ၁၇ ရက် နံနက် ၁၀ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ ဆန်အိတ်များကို မြန်မာကိုင်ဒိုကုမ္ပဏီမှ ပေးအပ်လှူဒါန်းခြင်းဖြစ်ပြီးလှူဒါန်းပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က တက်ရောက် အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်စည်ပင်သာယာရေးညွှန်ကြားရေးမှူးသူရမြင့်သူက ကျေးဇူးတင် စကားပြောကြားကာ မြန်မာကိုင်ဒိုကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာ ဦးဇော်ညွှန့်ဦးက လှူဒါန်း ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။
ထို့နောက် မြန်မာကိုင်ဒိုကုမ္ပဏီလီမိတက်မှ မန်နေဂျင်းဒါရိုက်တာဦးဇော်ညွှန့်ဦးနှင့်အဖွဲ့က ဆန်အိတ်များ ကိုပေးအပ်လှူဒါန်းရာ ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဦးသန်းနိုင်နှင့် ကရင် ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)