မြန်အောင် ဇွန် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်ရဲတပ်ဖွဲ့ ကနောင်ရဲကင်းစခန်းမှကနောင်နယ်မြေရဲစခန်း အဆင့် တိုးမြှင့် ဖွင့်လှစ်ပွဲအခမ်းအနားကို ဇွန် ၁၈ ရက် နံနက်က ကနောင်မြို့ ကနောင်နယ်မြေရဲစခန်းတွင် ကျင်းပ ပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
ကနောင်ရဲကင်းစခန်းမှကနောင်နယ်မြေရဲစခန်းအဆင့် တိုးမြှင့် ဖွင့်ပွဲအခမ်းအနားတွင် ကနောင်နယ်မြေ ရဲစခန်း ဆိုင်းဘုတ်အား ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး တင်ဇော်ထွန်း ၊ ဟင်္သာတခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမြင့်ဝင်းနှင့်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချိုချိုတို့က စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကြပြီး ဆိုင်းဘုတ် အား အမွေးနံ့သာရည်များ ပက်ဖျန်းပေးပြီး မြန်အောင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသက်ဝေနှင့်အတူ နယ်မြေရဲစခန်းရုံးအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မြန်အောင်မြို့နယ် ကနောင်မြို့ ကနောင်နယ်မြေရဲစခန်းအပိုင်တွင် ကနောင်မြို့ပေါ်(၅)ရပ်ကွက်၊ ကျေးရွာ အုပ်စု ၆ အုပ်စု၊ ကျေးရွာခွဲပေါင်း ၄၉ ရွာရှိပြီး ရဲအုပ် ၁ ဦး၊ ဒုရဲအုပ် ၁ ဦး၊အခြားအဆင့်ရဲတပ်ဖွဲ့ဝင် ၁၆ ဦးတို့ဖြင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝင်းဗိုလ် (မြန်အောင် ပြန်/ဆက်)