ရန်ကုန် ဇွန် ၁၈
ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကြောင့် အေ၀းပြေးယာဉ်လိုင်းများ ပြေးဆွဲမှုကို ခေတ္တရပ်နားထားခဲ့ရာမှ ဇွန်လ ၁ ရက်မှစကာ ပြေးဆွဲမှုများကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ရာ လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး မင်္လာဒုံမြို့နယ်ရှိ အောင်မင်္ဂလာအဝေးပြေး၀င်းမှ ယာဉ်လိုင်းအားလုံးနီးပါး ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးသို့ ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း အဆိုပါအဝေးပြေး၀င်းမှ သိရသည်။
"လက်ရှိ ယာဉ်လိုင်းတွေ အားလုံးနည်းပါးကတော့ ပြန်လည်ပြေးဆွဲနေကြပါပြီ။ ယာဉ်လိုင်းတွေအားလုံး ပြေးဆွဲပေမယ့် ကားတွေအားလုံးတော့ မထွက်သေးပါဘူး။ ငါးစီးရှိတဲ့လိုင်းက သုံးစီးလောက် ထွက်တယ်။ ၁၀ စီးရှိတဲ့လိုင်းက သုံးစီးလောက်ထွက်တယ်။ အဲလိုမျိုးပေါ့။ တစ်လိုင်းနဲ့တစ်လိုင်း ထွက်တဲ့အစီးရေချင်းတော့ မတူဘူးပေါ့"ဟု အောင်မင်္ဂလာအဝေးပြေး၀င်း တာ၀န်ခံအရာရှိ ဦးရန်ငြိမ်းချမ်းက ပြောသည်။
ယခင်က အောင်မင်္ဂလာအဝေပြေး၀င်းမှ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ မြို့များသို့ ကားအစီးရေ ၁၀၀၀ ကျော်ပြေးဆွဲလျက်ရှိရာ လက်ရှိအချိန်တွင် ကားအစီးရေ ၅၀၀ ကျော်သာ ပြေးဆွဲလျက်ရှိကြောင်း၊ ထိုသို့ပြေးဆွဲရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကြောင့် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ Social Distancing စနစ်ဖြင့် ကားတစ်စီးလျှင် ယခင်လူဦးရေ ထက်၀က်ခန့်သာ(ခုံနှစ်ခုံလျှင်တစ်ဦးနှုန်း)တင်ဆောင်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
"ကျန်းမာရေးနဲ့အားကစား၀န်ကြီးဌာနက ညွှန်ကြားချက်တွေအတိုင်း စည်းကမ်းတွေလိုက်နာဆောင်ရွက်ကြဖို့ အေ၀းပြေး၀င်းမှာရှိတဲ့ တာ၀န်ရှိသူတွေကလည်း ကြီးကြပ်ဆောင်ရွက်ပေးနေပါတယ်။ JJ တို့၊ မန္တလာမင်း ကားတို့ဆိုရင်လည်း Social Distancing အညီ စံနမူနာပြအနေနဲ့ လုပ်ဆောင်ကြတဲ့အတွက် ထိုင်းသတင်းစာ တွေမှာတောင် ဖော်ပြခံတယ်လို့ Social Media မှာ ဖတ်ရပါတယ်။ မြေပြင်မှာလည်း သူတို့တကယ် လုပ်ဆောင်နေပါတယ်။ တစ်ချို့ကလည်း သာမန်အနေအထားလုပ်ဆောင်တာတွေရှိသလို၊ ဂရုတစိုက် လုပ်ဆောင်ကြတာတွေလည်း ရှိပါတယ်။ တစ်ဦးနဲ့ တစ်ဦးကတော့ ပုံစံတော့ မတူကြဘူးပေါ့ဗျာ"ဟု တာ၀န်ခံအရာရှိ ဦးရန်ငြိမ်းချမ်းက ပြောသည်။
JJ Express ယာဉ်လိုင်းမှ စီနီယာမန်နေဂျာ မကျော့ကျော့သက်က "ကိုဗစ်ကာလဖြစ်သွားတဲ့အချိန်မှာ ခရီးသွားမှုပုံစံက ပြောင်းမှရတော့မယ်ဆိုတော့ ကိုဗစ်က သံချောင်းခေါက်လိုက်သလို ဖြစ်သွားတာပေါ့။ အဲဒီအခါကျတော့ ပြင်ဆင်မှုတွေ စလုပ်ဆောင်ရပါတယ်။ ကိုယ့်ရဲ့ခရီးသွားကာစတန်မာတွေ Save ဖြစ်ဖို့ကို အဓိက စဉ်းစားရတာပေါ့။ ပထမဆုံး ၃၃ ယောက်ကားတွေကို ခရီးသည် ၁၆ ယောက် သီးသန့်အခန်း Privacy ဖြစ်မယ်။ လုံး၀ Social Distancing ဖြစ်အောင် စီစဉ်လိုက်ရတယ်။ လုပ်တဲ့အခါမှာလည်း အခက်အခဲတွေရော ကုန်ကျစရိတ်တွေလည်းများစွာရှိပါတယ်။ အဓိကကတော့ ကိုယ့်ရဲ့ကာစတန်မာတွေ ခရီးသွားတဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာရှိနေဖို့၊ လုံခြုံမှုရှိဖို့ကို လုပ်ဆောင်တယ်။ ကားခတွေဆိုရင် နှစ်ဆမယူထားပါဘူး။ သီးသန့်တစ်ယောက်ချင်းစီ သွားတာဆိုပေမယ့်လည်း အရင်တုန်းကတော့ ၂၂၈၀၀ ကျရင် အခုက ၂၉၈၀၀ ပဲ ယူထားပါတယ်"ဟု ၀န်ဆောင်မှုပေးသည့်အပိုင်းကို ရှင်းပြသည်။
လက်ရှိတွင် JJ Express ယာဉ်လိုင်းသည် ကားအစီးရေ ရှစ်စီးနှုန်းဖြင့် ရန်ကုန်-မန္တလေး ခရီးစဉ်ကို တစ်နေ့လျှင် နံနက် ၉ နာရီတစ်ကြိမ်၊ ည ၉ နာရီနှင့် ၉ နာရီခွဲနှစ်ကြိမ် စုစုပေါင်း သုံးကြိမ်ပြေးဆွဲပေးလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားခင် ယခင်အချိန်များတွင် ယာဉ်အစီးရေ ၅၀ ခန့်ဖြင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပုဂံ၊ တောင်ကြီး၊ မိတီ္ထလာ စသည့် မြို့ကြီးများသို့ ပုံမှန်ပြေးဆွဲပေးလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်ရှိ အောင်မင်္ဂလာအေ၀းပြေး၀င်း၌ ယာဉ်လိုင်းပေါင်း ၂၃၀ ကျော်နှင့် ကားအစီးရေ ၁၀၀၀ ကျော်ဖြင့် ပြည်သူများသွားလာမှု အဆင်ပြေစေရန် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးသို့ ပုံမှန်ပြေးဆွဲပေးလျက်ရှိရာ လက်ရှိအချိန်တွင် ယာဉ်အစီးရေ ၅၀၀ ကျော်သာ ပြန်လည်ပြေးဆွဲနေကြောင်း သိရသည်။
မိုးမြင့်မောင်