သာယာဝတီ ဇွန် ၁၈
ဇွန် ၁၆ ရက်၊ နေ့လယ် ၃ နာရီခွဲအချိန်ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် လိပ္ပင်ကွင်းကျေးရွာအုပ်စု၊ သာယာကုန်း ကျေးရွာအနီး၊ မိုင်တိုင်အမှတ်(၁၁၉/၅) နှင့် (၁၁၉/၆)အကြား၊ ရန်ကုန်-ပြည်ကားလမ်းဘေးရှိ ကုက္ကိုလ်ပင်လဲကျရာမှလမ်းပိတ်ဆို့မှုဖြစ်ပွားနေကြောင်း သတင်းရရှိသဖြင့် ကြို့ပင်ကောက်မြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ်တစ်စီးဖြင့် သွားရောက်ကူညီဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ သစ်ပင်လဲကျမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိပါကြောင်းနှင့် ညနေ ၅ နာရီအချိန်တွင် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
အလားတူ ဇွန် ၁၆ ရက်၊ နံနက် ၉ နာရီအချိန်ခန့်တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် တိုးချဲ့ရပ်ကွက်ရှိလမ်းဘေးရေမြောင်းအစပ်တွင် လုံးပတ်(၄)ပေ၊ အမြင့်(၃၀)ပေခန့်ရှိ ပိတောက်ပင်လဲကျ၍ လမ်းပိတ်ဆို့မှုဖြစ်ပွားနေကြောင်း သတင်းရရှိသဖြင့် ချောင်းဆုံ မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ်တစ်စီးဖြင့် သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ပါသည်။
အဆိုပါသစ်ပင်လဲကျမှုကြောင့်လူထိခိုက်ဒဏ်ရာရရှိမှုမရှိပါကြောင်းနှင့် နံနက် ၁၀ နာရီအချိန်တွင် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
ဆွေဦး