ဖာပွန် ဇွန် ၁၈
အသက် ၈၅ နှစ်အထက်ဘိုးဘွားများအတွက် လူမှုရေးပင်စင်များ၊ ထပ်ဆောင်းထောက်ပံ့ငွေများနှင့် ကိုယ်ဝန်ဆောင်မိခင်များ၊ ၂ နှစ်အောက်ကလေးများအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းအခမ်းအနားကို ဇွန် ၁၇ ရက် နံနက် ၁၁ နာရီအချိန် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် ဖာပွန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောထွန်းမြအောင်က အသက် ၈၅ နှစ်အထက်ဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၂ နှစ်အောက်ကလေးများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းဖြစ်သောကြောင့် မင်္ဂလာရှိသောနေ့တစ်နေ့ဖြစ်ကြောင်း၊ ဝမ်းသာပီတိဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးညွန့်ဦးက ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် အသက် ၈၅ နှစ်အထက်ဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၂ နှစ်အောက်ကလေးများအားထောက်ပံ့ ငွေပေးနိုင်ရေးစာရင်းကောက်ယူရာတွင် ကျန်ရှိမှုများမဖြစ်စေရေးဂရုပြုဆောင်ရွက်စေလိုကြောင်း၊ စာရင်း ဇယားမှန်ကန်ရေးအတွက် သေချာစိစစ်ဆောင်ရွက်စေလိုကြောင်းမှာကြားခဲ့ပြီး ဖာပွန်မြို့နယ်နှင့် ကမမောင်း မြို့အတွင်းရှိ လူမှုရေးပင်စင်ခံစားခွင့်ရှိသော အသက် ၈၅ နှစ်နှင့်အထက် အဘိုး၊ အဘွား ၁၈၁ ဦးအား ပုံမှန်ထောက်ပံ့ကြေး(ဧပြီ၊ မေ၊ ဇွန်)အတွက် (၃)လစာလူမှုရေးပင်စင်ထောက်ပံ့ငွေတစ်ဦးလျှင် ၃၀၀၀၀ ကျပ် အပြင် အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေအဖွဲ့နှင့်ပူးပေါင်းကာ COVID-19 ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း ထပ်ဆောင်းထောက်ပံ့ငွေ ၃၀၀၀၀ ကျပ်၊ စုစုပေါင်း ၆၀၀၀၀ ကျပ်စီဖြင့် ငွေကျပ် ၁၀၈၆၀,၀၀၀ ကိုလည်းကောင်း၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၂ နှစ်အောက်ကလေး ၁၈၉၄ ဦး အတွက်တစ်ဦးလျှင်ကျပ် ၃၀၀၀၀ နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၅၆၈၂၀,၀၀၀ ကိုလည်းကောင်း ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ တာဝန်ရှိသူအသီးသီးက လွှဲပြောင်းပေးအပ်ခဲ့သည်။
ဆက်လက်၍ ဖာပွန်မြို့၊ အမှတ်(၂)ရပ်ကွက်မှ ဘိုးဘွား(၃)ဦးနှင့် အမှတ်(၄)ရပ်ကွက်မှ ဘိုးဘွား(၄)ဦး ထံသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနဝန်ထမ်းများ၊ အမျိုး သမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ အိမ်တိုင်ရာရောက်လိုက်လံ ကန်တော့ခဲ့ကြောင်း၊ ကျန်ရှိသောအကျိုးခံစားခွင့်ရှိသူများအား ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ဆက်လက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
စိုင်းကျော်ဝဏ္ဏ၊ တိုးဝေဇင်(ပြန်ဆက်)