နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အခြေခံ အနိမ့်ဆုံးလုပ်ခလစာ တတိယအကြိမ် ပြင်ဆင်ရန် ဆောင်ရွက်နေ

ရန်ကုန် ဇွန် ၁၈


COVID - 19 ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေသည့်ကာလ ကြုံတွေ့နေရသော်လည်း အခြေခံ အနိမ့်ဆုံး လုပ်ခလစာကို တတိယအကြိမ် ပြန်လည်ပြင်ဆင်ရန် လုပ်ဆောင်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်း အစိုးရ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးကော်မတီထံမှ သိရသည်။

 “ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုတာက ဥပဒေနဲ့သွားတာ၊ ကပ်ရောဂါက ကပ်ရောဂါပဲ။ ဒါကြောင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့အတိုင်း အစည်းအဝေးက လုပ်ကမှာပဲ။ ဥပဒေမှာကိုက ၂ နှစ် ၁ ကြိမ် လုပ်ရမယ်လို့ ဖော်ပြထားတဲ့အတွက် ဆရာတို့ လုပ်ဆောင်သွားရမယ်။ ဒါကလည်း အလုပ်ရှင်နဲ့ အလုပ်သမားအကျိုးတွက်ပဲဖြစ်တယ်”ဟု ရန်ကုန်တိုင်းဒေသကြီး အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးကော်မတီ အတွင်းရေးမှူး ဦးခင်မောင်သွင်က ပြောသည်။


 လက်ရှိတွင် မြန်မာပြည်တွင်း COVID - 19  ရောဂါ ကာကွယ်ထိန်းချုပ်ရေး အခြေအနေများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ပြန်လည်ဖြေလျှော့ခြင်းများ လုပ်ဆောင်နေသည့်အတွက် အခြေခံလုပ်ခသတ်မှတ် ရန် လုပ်ငန်းစဉ်များ  ပြန်လည်စတင်နိုင်ရန် အလုပ်သမား အဖွဲ့ချုပ်များကလည်း တောင်းဆိုနေသည်များ ရှိကြောင်း သိရသည်။

ထို့အပြင် လုပ်သားအများဆုံး အသုံးပြုနေကြသည့် အထည်ချုပ်၊ ဖိနပ်ချုပ်၊ အိတ်ချုပ်စသည့် စက်ရုံလုပ်ငန်းများအနေဖြင့် လုပ်ခပြင်ဆင်သတ်မှတ်ချက်အပေါ် ရပ်တန့်ထားစေလိုသည့် သဘောထား များလည်း ရှိနေကြောင်း သိရသည်။ 


 အနိမ့်ဆုံး လုပ်ခလစာကို တတိယ အကြိမ်ပြင်ဆင် နိုင်ရန်အတွက် နေပြည်တော်ကောင်စီ နယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များက အဆိုပြု လုပ်ခနှုန်းထားများကို ယခု ဇွန်လကုန်တွင် နောက်ဆုံးထား တင်ပြရန် တောင်းခံထားပြီး အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား ၃ ပွင့်ဆိုင်ဆွေးနွေးပွဲများ ပြုလုပ်သွားရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း သိရသည်။ 

ပြည်တွင်း အနိမ့်ဆုံးလုပ်ခ သတ်မှတ်ချက်ကို တစ်နေ့ အလုပ်ချိန် ၈ နာရီအတွက် ပထမအကြိမ်တွင် ၃၆၀ဝ ကျပ်၊ ဒုတိယအကြိမ်တွင် ၄၈၀ဝ ကျပ်ဖြင့် သတ်မှတ်ထားသည်။                                     

မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ