ဖေဖော်ဝါရီ ၁၆
ဘာစီလိုနာအသင်းက လာမည့် နွေရာသီတွင် ခံစစ်ပိုင်း ထပ်မံဖြည့်တင်း ရန်အတွက် ဖရန့်ဖတ်အသင်း ခံစစ် ကစားသမား အန်ဒစ်ကာကို ခေါ်ယူရန် ဆွေးနွေးခဲ့ရာ ကစားသမားနှင့် ပုဂ္ဂိုလ် ရေးအရ သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။
အသက် ၂၃ နှစ်အရွယ်ရှိ ဗဟိုခံစစ် ကစားသမား အန်ဒစ်ကာသည် ယခုနှစ် ဘောလုံးရာသီတွင် ဖရန့်ဖတ်အသင်း နှင့်အတူ အဓိက ကစားသမားအဖြစ် ပွဲထွက်ခွင့်ရရှိနေသော်လည်းယင်း အနေဖြင့် လာမည့်ဇွန်တွင် အသင်း နှင့်စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ရာ ဖရန့်ဖတ်အသင်းနှင့် သက်တမ်းတိုးရန် ဆန္ဒမရှိဘဲ ဘာစီလိုနာအသင်း၏ ကမ်း လှမ်းမှုကို လက်ခံခဲ့ခြင်းဖြစ်သည်။
ဘာစီလိုနာအသင်းသည် လက်ရှိ ခံစစ်ပိုင်းတွင် အာရူဂျို၊ ခရစ်စတန်ဆန်၊ ခွန်ဒေးနှင့် ဂါစီယာတို့ရှိနေသည့်အပြင် အငှားစာချုပ်ဖြင့် သွားရောက်ကစား နေသည့် လန်ဂလက်နှင့်ဆာဂျီနိုဒက်တို့ လာမည့် နွေရာသီတွင် အသင်းနှင့် ပြန်လည်ပူးပေါင်းမည်ဖြစ်သော်လည်း ဗဟိုခံစစ်ပိုင်းတွင် ကစားသမားသစ် တစ်ဦး ထပ်မံအလိုရှိနေသောကြောင့် အန်ဒစ်ကာကို အလွတ်ပြောင်းရွှေ့ကြေး ဖြင့်ခေါ်ယူရန် အကြိုသဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။
သူရိန်