နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်ထောင်စုနေ့နှင့်နိုင်ငံချစ်စိတ်

ပြည်ထောင်စုနေ့ဟု ဆိုလိုက်သည်နှင့် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း မှီတင်း နေထိုင်ကြသည့်တိုင်းရင်းသား ပြည်သူများ ၏ စည်းလုံးညီညွတ်ခြင်း၏ပြယုဂ်တစ်ခု အဖြစ်တွေးမြင်ရသည်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် တိုင်းရင်းသားပြည်သူများ၏ စည်းလုံး ညီညွတ်မှုကိုပြသခဲ့သော ၇၆ နှစ် မြောက် ကာလသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံအတွက် အရေးအကြီးဆုံးတိုင်း ရင်းသားစည်းလုံးညီညွတ်ရေးကို တည်ဆောက် နိုင်ခဲ့သည့်ကာလမှာ လွတ်လပ်ရေးကြိုးပမ်းမှု ကာလအချိန်ပင်ဖြစ်သည်။ အင်္ဂလိပ်နယ်ချဲ့ သမားတို့၏သွေးခွဲအုပ်ချုပ်မှု၊ အချင်းချင်း သွေးကွဲစေရန် နောက်ကွယ်က ကြိုးကိုင်ခြယ် လှယ်မှုများကြောင့် တိုင်းရင်းသားအချင်းချင်း စည်းလုံးမှုအားနည်းနေချိန် လွတ်လပ်ရေး အတွက် ကြိုးပမ်းစဉ်ကာလ (အထူးသဖြင့်) ၁၉၄၃-၁၉၄၇ ခုနှစ် ဝန်းကျင်အချိန်က ဗိုလ်ချုပ် အောင်ဆန်းခေါင်းဆောင်သော ဖဆပလအဖွဲ့ ချုပ်သည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ကို မတည်ဆောက်နိုင်ခဲ့ပါက ယနေ့လွတ်လပ်သောမြန်မာနိုင်ငံ၏မြေပုံသည် ယခုပုံစံ အတိုင်းရှိနေမည်မဟုတ်။ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည် နယ်များပါဝင်ခြင်းမရှိသော မြေပုံအဖြစ်သာရှိ နေပေလိမ့်မည်။

ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင် ဗိုလ်ချုပ် အောင်ဆန်းဦးဆောင်သော ဖဆပလအဖွဲ့ကြီး ၏ကြိုးပမ်းအားထုတ်မှုကြောင့် တောင်တန်း မြေပြန့်မကျန် မြန်မာပြည်သူများ၏နိုင်ငံရေးအမြင် နိုးကြားတက်ကြွလာခဲ့သည်။ နိုင်ငံ၏ လွတ်လပ်ရေးတောင်းဆိုမှုမှာလည်း အရှိန်မြင့်မားလာသည်။ ဗြိတိသျှတို့အုပ်ချုပ်မှု လက်အောက်တွင် ကာလရှည်ကြာနေထိုင်ခဲ့ရ သော တိုင်းရင်းသားများ အပါအဝင်မြန်မာ ပြည်သူတစ်ရပ်လုံးကလည်း ဖဆပလအဖွဲ့ ချုပ်၏ ဦးဆောင်မှုအောက်တွင် စုစုစည်း စည်း  ညီညီညွတ်ညွတ် ရှိလာကြသည်။ ဖဆပလ  အဖွဲ့ချုပ်ကလည်း ၁၉၄၆ ခု နိုဝင်ဘာတွင် မြန်မာနိုင်ငံကို တစ်နှစ်အတွင်း လွတ်လပ်ရေးပေးရမည်ဟု တောင်းဆိုခဲ့ သည်။  မြန်မာနိုင်ငံကို သိမ်းပိုက်အုပ်ချုပ် ခဲ့သော ဗြိတိသျှအစိုးရကလည်း  ဒုတိယ ကမ္ဘာစစ်ကြီးအပြီး၌ မြန်မာနိုင်ငံအပါအဝင် ကိုလိုနီနိုင်ငံများကို လွတ်လပ်ရေးပေးမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ သို့ရာတွင်  ဗြီတိသျှတို့ကမြန်မာနိုင်ငံကို လွတ် လပ်ရေးပေးမည်ဆိုသည့်တိုင် တင်းပြည့် ကျပ်ပြည့် လွတ်လပ်ရေးမျိုးပေးရန် စိတ်ကူး မရှိခဲ့။ တောင်တန်းဒေသများမှ တိုင်းရင်းသား များကို ပြည်မနှင့်သွေးကွဲစေပြီး ခွဲခြားသည့် စနစ်ဖြင့် စီမံအုပ်ချုပ် သွားနိုင်ရန် ကြိုးပမ်းခဲ့ကြ သည်။

အောင်ဆန်းအက်တလီစာချုပ်နှင့် ပင်လုံစာချုပ်

 ဖဆပလအစိုးရ၏ တောင်းဆိုမှုကြောင့် မြန်မာနိုင်ငံ၏လွတ်လပ်ရေးကိစ္စရပ်များအား ဆွေးနွေးနိုင်ရန်  မြန်မာကိုယ်စားလှယ် အဖွဲ့ကို ဗြိတိသျှအစိုးရက လန်ဒန်သို့ ဖိတ်ကြားခဲ့သည် ။ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဗိုလ်ချုပ်အောင်ဆန်း ဦးဆာင်သွားရောက်ခဲ့ပြီး မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုတွင်သမိုင်းဝင်သော အောင်ဆန်း- အက်တလီစာချုပ်ကို ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီ ၂၇ ရက်တွင်အောင်မြင်စွာ လက်မှတ်ရေးထိုးနိုင် ခဲ့သည်။ 

အောင်ဆန်း-အက်တလီစာချုပ်တွင်အချက် ၁၂ ချက်ပါဝင်ပြီး  တောင်တန်းဒေသနှင့် ပတ်သက်သည့် သဘောတူညီချက်များကို သီးခြားဖော်ပြထားသည်။ လန်ဒန်တွင် ဆွေးနွေး နေစဉ်အတွင်း ပဒေသရာဇ်စော်ဘွားများက မြန်မာပြည်မနှင့် ပူးပေါင်းရေးကို လက်မခံ ကန့်ကွက်ခဲ့ကြသည်။ ပြည်တွင်းမှ နိုင်ငံရေးသမား အချို့ကလည်း ကန့်ကွက်ရှုတ်ချ ခဲ့ကြကာ မြန်မာ နိုင်ငံလွတ်လပ်ရေးအတွက်ကြိုးပမ်းမှုအား အဟန့်အတား များဖြစ်စေခဲ့သည်။ 

ထို့ကြောင့် လန်ဒန်ဆွေးနွေးပွဲတွင် နယ်စပ် ဒေသနေတိုင်းရင်းသားလူမျိုးများ၏ သဘော ထားထင်မြင်ချက်များကို ရယူရန်သဘောတူခဲ့ ရသည်။ ဗြိတိသျှအစိုးရသည် မြန်မာနိုင်ငံကိုတစ်နှစ်အတွင်းလွတ်လပ်ရေးပေးရန် သဘော တူငြားသော်လည်း တောင်တန်းဒေသများကိုမူ တောင်တန်းဒေသခေါင်းဆောင် ကိုယ်တိုင်ပြည်မ နှင့်အတူ လွတ်လပ်ရေးရယူလိုပါသည်ဟု အခိုင်အမာ လက်မှတ်ရေးထိုးမှသာ တောင် တန်းဒေသများ ပေါင်းစည်းပါဝင်သော ပုံသဏ္ဌာန် ဖြင့် လွတ်လပ်ရေးပေးမည်ဟုဆိုလိုခြင်းလည်း ဖြစ်သည်။ 

ပြည်နယ်၊ပြည်မ မကျန်  လွတ်လပ်ရေးရယူနိုင် ရေးမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုအခိုင်အမာတည်ဆောက်နိုင်ရန်လိုအပ်သည်။ထို့ကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ကိုသက်သေထူနိုင်ရန် ပင်လုံညီလာခံကိုကျင်းပ ခဲ့ခြင်းဖြစ်သည်။ ပင်လုံညီလာခံတွင် တောင်တန်း ဒေသနေ တိုင်းရင်းသားပြည်သူများသည် မြန်မာ (ဗမာ)တို့နှင့် ပူးပေါင်း၍လွတ်လပ်ရေးအရယူမည် ဟူသောသဘောတူညီချက်ကို ၁၉၄၇ ခု ဖေဖော်ဝါရီ ၁၁ ရက်တွင် ရယူနိုင်ခဲ့ပြီး ပင်လုံ စာချုပ်မူကြမ်းကို အပြီးသတ်နိုင်ခဲ့သည်။ ၁၉၄၇ ခုနှစ်ဖေဖော်ဝါရီလ ၁၂ ရက်  နံနက် ၁၀ နာရီ အချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်း ဒေသမှ တိုင်းရင်းသားကိုယ်စားလှယ် ၂၂ ဦး တို့သည် အချက် ကိုးချက်ပါရှိသော မြန်မာနိုင်ငံ နှင့် တောင်တန်းဒေသများပူးပေါင်းရေး ပင်လုံ စာချုပ်ကြီးကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ သို့ဖြင့် ပင်လုံစာချုပ် ကိုချုပ်ဆိုနိုင်ခဲ့ပြီး  တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို  ပြသနိုင်ခဲ့ကာ တစ်နှစ် အတွင်း မြန်မာနိုင်ငံ လွတ်လပ်ရေးကို ရရှိခဲ့သည်။

ပင်လုံစာချုပ်သည် တိုင်းရင်းသားစည်းလုံး ညီညွတ်မှုကို အခိုင်အမာစိုက်ထူပြသည့်သမိုင်း မှတ်တိုင်ဖြစ်သကဲ့သို့ မြန်မာ့လွတ်လပ်ရေး၏ အမြုတေလည်းဖြစ်သည်။ အကယ်၍ ပင်လုံစာချုပ်သာမချုပ်ဆိုနိုင်ခဲ့ပါက တောင်တန်းဒေသ ခေါင်းဆောင်များ၏ မြန်မာပြည်မနှင့် ပေါင်းစည်း ခြင်းပြုရန်သဘောတူညီခြင်း မရရှိခဲ့ပါက မြန်မာ နိုင်ငံသည် လွတ်လပ်ရေး ရကောင်းရနိုင်ခဲ့မည် ဖြစ်သော်လည်း မြန်မာနိုင်ငံ၏ မြေပုံတွင် ကချင်၊ ကရင်၊ကယား၊ချင်းဒေသနယ် မြေများပါဝင်ခြင်းမရှိ သော မြေပုံအဖြစ်သာ ရှိနေကောင်းရှိနေမည်။

နိုင်ငံချစ်စိတ်

      တိုင်းရင်းသား စည်းလုံးညီညွတ်မှု၏ ပြယုဂ် ဖြစ်သော ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်မှာ ၇၅ နှစ်မြောက် စိန်ရတုကာလကိုပင် လွန်မြောက်၍ ၇၆ နှစ်သို့ရာက်ခဲ့ပြီ။ လွတ်လပ်ရေးကြိုးပမ်းမှုကာလ အတွင်း  အင်္ဂလိပ်နယ်ချဲ့သမားတို့၏ သွေးခွဲ အုပ်ချုပ်မှု၊ အချင်းချင်းသွေးကွဲစေရန် နောက်ကွယ် က ကြိုးကိုင်ခြယ်လှယ်မှုများ ရှိနေခဲ့သော်လည်း ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ဖဆပလ အဖွဲ့ကြီး၏ ကြိုးပမ်းမှုကြောင့် တိုင်းရင်းသား စည်းလုံးမှုကိုရယူ တည်ဆောက်နိုင်ခဲ့သည်။ တိုင်းရင်းသားစည်းလုံးညီညွတ်မှု အင်အားဖြင့် တိုင်းရင်းသားအားလုံးပါဝင်သော မြန်မာနိုင်ငံ ၏ လွတ်လပ်ရေးကို အရယူနိုင်ခဲ့သည်။ မည် သည့် အစိတ်အပိုင်းကိုမှ ချန်လှပ်ထားခြင်း မရှိခဲ့။  ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်ကြီးများသည်  ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် တိုင်းရင်းစည်းလုံး ညီညွတ်မှု၊ ပြည်ထောင်စုစိတ်ဓာတ်ကို ဖော် ညွှန်းသည့် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုး ချုပ်ဆိုနိုင်ခဲ့သည်။ ပင်လုံစာချုပ်ကြောင့်လည်း မြန်မာတစ်နိုင်ငံလုံး တိုင်းရင်းသားဒေသ များပါမချန် အကြားအလပ်မရှိ တစ်နိုင်ငံလုံး လွှမ်းခြုံသော လွတ်လပ်ရေးကို ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ပင်လုံစာချုပ်သည် အမျိုးဂုဏ်၊ ဇာတိဂုဏ် ကိုပြခဲ့သောစာချုပ်လည်းဖြစ်သည်။ ပြည်ထောင်စုတစ်ဝှမ်းနေထိုင်ကြသော တိုင်းရင်း သားလူမျိုးများအားလုံး အေးအတူ၊ ပူအမျှ ဥမကွဲသိုက်မပျက် စုစည်းနေထိုင်ကြမည် ဟူ သော နိုင်ငံချစ်စိတ် သဘောထားအမြင်ကို ဖော်ကျူးခဲ့သော စာချုပ်လည်းဖြစ်သည်။

ယနေ့ကမ္ဘာတွင် ခေတ်သစ်ကိုလိုနီနယ်ချဲ့ သမားများ၏  သြဇာလွှမ်းမိုးလိုမှုအတွက် ပြည်တွင်း သပ်လျှိုမှုများကိုပြုလုပ်ကာ အချင်း ချင်းသွေးကွဲစေရန် စီမံဖန်တီးဆောင်ရွက်နေ ကြသည်။ အချင်းချင်းသွေးကွဲကာ ပဋိပက္ခများ၊ စစ်ပွဲများဖြစ်ပွားစေ၍ အင်အားချည့်နဲ့ ယိမ်းယိုင် အောင်ပြုလုပ်နေကြသည်ကိုသတိထားကြရန် လိုသည်။ မြန်မာနိုင်ငံသားများ အနေဖြင့်လည်း  ပြည်ထောင်စုစိတ်ဓာတ် ခိုင်မာစေဖို့လိုအပ် သည်။ပြည်ထောင်စုစိတ်ဓာတ် ဆိုသည်မှာနိုင်ငံ ချစ်စိတ်ပင်ဖြစ်သည်။ နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ကာကွယ်စောင့်ရှောက်ရာတွင် လည်းကောင်း၊ တိုင်းပြည်ထာဝရတည်ငြိမ်အေး ချမ်းရေးတည်ဆောက်ရာတွင် လည်းကောင်း၊ တိုင်းရင်းသားလူမျိုးတို့ လိုလားတောင်းဆိုနေ ကြသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ကြီးပေါ်ပေါက်လာရေးအတွက် လည်းကောင်း မြန်မာနိုင်ငံတိုင်းရင်းသားပြည်သူများ အားလုံး ပြည်ထောင်စုစိတ်ဓာတ်တည်းဟူသောနိုင်ငံချစ်စိတ်ကိုအခြေခံကြရမည်ဖြစ်သည်။

 ၂၀၂၂ ခုနှစ်တွင် ကျရောက်ခဲ့သည့် ၇၅ နှစ် စိန်ရတုအလွန်ဖြစ်သော ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ  ၁၂ ရက် တွင်ကျရောက်မည့် ၇၆ နှစ်မြောက် ပြည်ထောင်စုနေ့တွင် တိုင်းရင်းသား ပြည်သူအားလုံး ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံသောနိုင်ငံချစ်စိတ်ဖြင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီးတည် ဆောက်ရေး အတွက် ချစ်ချစ်ခင်ခင်၊ စည်းစည်းလုံးလုံးဖြင့်  နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများတွင် အားသွန်ခွန်စိုက် လုပ်ဆောင်သွားကြပါစို့ဟု တိုက်တွန်းရေးသား လိုက်ရပါသည်။     ။






အခြားဆက်စပ်သတင်းများ