နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တာမွေ(ယာယီ)ဈေးနေရာတွင် အဆင့်မြင့်ငါးထပ်ဈေးသစ်ကြီးတည်ဆောက်မည်

ရန်ကုန်  ဇွန် ၁၈


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနလက်အောက်ရှိ ကျိုက္ကဆံလမ်းမကြီးဘေးမှ တာမွေ(ယာယီ)ဈေးကြီးကို အဆင့်မြင့်ငါးထပ်ဈေးကြီးအဖြစ် တည်ဆောက်မည်ဟု တာမွေ(ယာယီ)ဈေးတာဝန်ခံ ဦးသူရဝင်းက ပြောသည်။

လက်ရှိတွင် ဈေးဟောင်းရှိ ဆိုင်ခန်းပေါင်း ၆၀၈ ခန်းကို ပြောင်းရွှေ့ရောင်းချနိုင်စေရန်အတွက် ယာယီ ဈေးဆိုင်ခန်းသစ်များကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လဆန်းပိုင်းမှ စတင်၍ တည်ဆောက်ခဲ့ခြင်းဖြစ်ရာ ၈၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်သည်။


အဆိုပါယာယီဆိုင်ခန်းများပြီးစီး၍ ဆိုင်ခန်းများပြောင်းရွှေ့ပြီးပါက အဆင့်မြင့်ငါးထပ်ဈေးကြီးကို စတင် တည်ဆောက်သွားမည်ဖြစ်သည်။ ထိုသို့တည်ဆောက်ရာတွင် လပေါင်း ၃၀ အတွင်း အပြီးတည်ဆောက်သွားမည် ဖြစ်သည်ဟု ဦးသူရဝင်းက ဆိုသည်။

''အခုလိုတည်ဆောက်ပေးမယ်ဆိုတော့ ဝမ်းသာပါတယ်။ အခုလည်း သပ်သပ်ရပ်ရပ်နဲ့ ယာယီဈေးဆိုင်ခန်း သစ်တွေ တည်ဆောက်ပေးတော့လည်း တော်တော်လေးကို အဆင်ပြေပါတယ်''ဟု တာမွေ(ယာယီ)ဈေးမှ ဈေးဆိုင်ပိုင်ရှင်ဦးမျိုးဝင်းဦးက ပြောသည်။


အဆင့်မြင့်ငါးထပ်ဈေးကြီးပြီးစီးပါက တာမွေ(ယာယီ)ဈေးမှ ဆိုင်ခန်း ၆၀၈ ခန်း၊ အကြောင်းအမျိုးမျိုး ကြောင့် ဆိုင်ဖွင့်ရောင်းချနိုင်မှုမရှိသည့် တာမွေပလာဇာမှ ဆိုင်ခန်း ၃၀ ကျော်အပါအဝင် ဆိုင်ခန်းပေါင်း ၆၄၂ ခန်းကို ပြန်လည်နေရာချထားပေးသွားမည် ဖြစ်သည်။

ယင်းဈေးဆိုင်ခန်းများနှင့် ပျံကျဈေးသည်များကို အဆင့်မြင့်ဈေးကြီး၏ မြေညီထပ်နှင့် ပထမထပ် တွင် နေရာချထားပေးမည်ဖြစ်ပြီး ဒုတိယထပ်နှင့် တတိယထပ်တွင် ကားအစီးရေ ၃၈၀ ဝန်းကျင် ဆံ့သည့် ကားပါကင်နှင့် အပေါ်ဆုံးထပ်တွင် အများပြည်သူအပန်းဖြေနိုင်သောနေရာတို့ကို ထည့်သွင်း တည်ဆောက်သွားမည် ဖြစ်သည်။


အဆင့်မြင့်ငါးထပ်ဈေးကြီးကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် တင်ဒါအောင်မြင်ထား သည့် 111(တစ်သုံးလုံး)ကုမ္ပဏီတို့မှ အကျိုးတူခံစားခွင့်သဘောတူစာချုပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။                                                             


ကျော်စိုးသူ(City News)






အခြားဆက်စပ်သတင်းများ