နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆီးရီးယားသမ္မတ အာဆတ်၏ ဦးလေးကို ပြင်သစ်တရားရုံးက ငွေကြေးခဝါချမှုဖြင့် ထောင်ဒဏ်လေးနှစ် ချမှတ်

ဇွန် ၁၈ ပါရီ


ဆီးရီးယားသမ္မတ အာဆတ်၏ဦးလေးကို ငွေကြေးခဝါချမှုဖြင့် ပြင်သစ်နိုင်ငံ ပါရီမြို့တရားရုံးက ထောင်ဒဏ်လေးနှစ် ချမှတ်ခဲ့သည်။ အသက် ၈၂ နှစ်ရှိသည့် ရီဖတ်မှာ ဆီးရီးယားအစိုးရရန်ပုံငွေကို အလွဲသုံးစားလုပ်ပြီး ပြင်သစ်အိမ်ခြံမြေဈေးကွက်တွင် ကုမ္ပဏီထူထောင်ရန်အတွက် ယူရိုသန်း ၉၀ တန်ကြေးရှိသည့် အိမ်များ၊ ရုံးခန်းများ ဝယ်ယူခဲ့သည်ဟု စီရင်ချက်ချမှတ်ခံခဲ့ရသည်။ ပါရီမြို့နှင့် လန်ဒန်မြို့များရှိ ရီဖတ်၏ ပိုင်ဆိုင်မှုပစ္စည်းများကို သိမ်းဆည်းသွားမည်ဟု တရားရုံးက အမိန့်ချမှတ်ခဲ့သည်။


သို့သော် ဆီးရီးယားနိုင်ငံ၏ ဒုတိယသမ္မတဟောင်းဖြစ်သည့် ရီဖတ်က အမှားအယွင်းတစ်စုံတစ်ရာ ကျူးလွန်မိခြင်းမရှိဟု ငြင်းဆန်ထားသည်။ ရီဖတ်အနေဖြင့် အဆိုပါစီရင်ချက်ကို အယူခံဝင်သွားမည်ဟု ယင်း၏ရှေ့နေများက ပြောသည်။ ပြီးခဲ့သည့်ဒီဇင်ဘာလက ကိုယ်တွင်းသွေးယိုစိမ့်မှုကြောင့် ဆေးရုံ တက်ခဲ့ရသည့် ရီဖတ်မှာ စီရင်ချက်ချမှတ်သည့်နေ့တွင် တရားရုံးသို့ လာရောက်ခဲ့ခြင်းမရှိပေ။


ထို့အပြင် ယင်း၏ အသက်အရွယ်အရ ထောင်ဒဏ်ကျခံရဖွယ်မရှိဟု ဆိုသည်။ တချိန်က ဆီးရီးယားနိုင်ငံ၏ ဒုတိယအာဏာအရှိဆုံးပုဂ္ဂိုလ်ဟု သတ်မှတ်ခံခဲ့ရသည့် ရီဖတ်မှာ ၁၉၈၂ ခုနှစ်က ဟားမားမြို့တွင် အစိုးရဆန့်ကျင်ရေး ဆူပူအုံကြွမှုများကို သွေးချောင်းစီးအောင် ဖိနှိပ်ခဲ့ခြင်းကြောင့် ဟားမားမြို့မှ သားသတ်သမားဟု နာမည်ကျော်ကြားသူဖြစ်သည်။                                                                   


(KNT)






အခြားဆက်စပ်သတင်းများ