နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျေးလက်ဒေသ မတည်ရန်ပုံငွေ

ရန်ကုန်   ဇွန်   ၁၇


ဆင်းရဲနွမ်းပါးသူများသည် စားရေး၊ ဝတ်ရေး၊ နေရေး မကြောင့်ကြရန်လိုအပ်ရာ အလုပ်အကိုင်ရရှိရေးသည် အဓိကကျပေသည်။ မိသားစုဝင်ငွေရရှိရေးတစ်ဦးချင်း အလုပ်ကြိုးစားလုပ်ကြရန်လိုအပ်ပေသည်။


ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ထိခိုက်ခဲ့ရသည့် စီးပွားရေးလုပ်ငန်းများအတွက် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းတစ်ရပ်ကို စတင်အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။ ကိုဗစ်-၁၉ ရောဂါကြောင့် လုပ်ကွက်ငယ်တောင်သူများနှင့် ထုတ်လုပ်ရောင်း ချသူများအနေဖြင့် သွင်းအားစုများနှင့် အရင်းအနှီးများလိုအပ်လျက်ရှိရာ အဆိုပါလိုအပ်မှုကို ယင်းစီမံကိန်းက အထောက်အကူဖြစ်စေသည်။


ယင်းစီမံကိန်းက ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ကို အထောက်အကူဖြစ်စေရန် စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများလိုအပ်သော သွင်းအားစုနှင့်ငွေကြေးအရင်းအနှီးများရရှိစေရန်၊ လုပ်ကွက်ငယ်တောင်သူများ နှင့် ဆင်းရဲနွမ်းပါးသူများငွေကြေးအရင်းအနှီးရရှိစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်၊ မိသားစုဝင် ငွေတိုးပွားစေရန်နှင့် တိုးပွားလာသောရန်ပုံငွေဖြင့် ကျေးရွာပိုင်မတည်ရန် ပုံငွေထူထောင်ပြီး စဉ်ဆက်မပြတ် ငွေကြေးအရင်းအမြစ်ရရှိရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။


အဆိုပါစီမံကိန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နိုင်ငံတစ်ဝန်းရှိ ကျေးရွာ ၁၇၀၀ ၌ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လျာထားရာလုပ်ကွက်ငယ်တောင်သူများသည့် ရွာ၊ စိုက်ပျိုးမွေးမြူသူနှင့် ထုတ်လုပ် ရောင်းချသူများသောကျေးရွာ၊ စိုက်ပျိုးရေးမွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန် အလားအလာရှိသော ကျေးရွာ၊ လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေးကောင်းမွန်ပြီး နယ်မြေအေးချမ်းသောကျေးရွာ၊ စည်းလုံး ညီညွတ်ပြီး စီမံကိန်းဆောင်ရွက်ရန် စိတ်အားထက်သန်သောကျေးရွာများကို ရွေးချယ်ဆောင်ရွက်သွားမည်ဟု သိရသည်။ ယင်းသို့ဆောင်ရွက်ရာတွင် အိမ်ခြေ ၁၀၁ အိမ်နှင့်အထက်ကို ကျပ်သိန်း ၃၀၀၊ အိမ်ခြေ ၅၀ နှင့် ၁၀၀ ကြားကို ကျပ်သိန်း ၂၀၀ နှင့် အိမ်ခြေ ၅၀ အောက်ကို ကျပ်သိန်း ၁၀၀ ထုတ်ချေးသွားမည်ဖြစ်သည်။


ယင်းစီမံကိန်းတွင် လက်ရှိစီးပွားရေးလုပ်ကိုင်နေသူများနှင့် တိုးချဲ့လုပ်ကိုင်လိုသူ အိမ်ထောင်စုများကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး တစ်နိုင်တစ်ပိုင်လုပ်ငန်းစတင်လုပ်ကိုင်လိုသည့် အိမ်ထောင်စုများကို  စီမံကိန်းဒုတိယနှစ်မှသာဆောင်ရွက်ပေးမည်ဟု သိရသည်။


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုဗစ်-၁၉ ရောဂါကြောင့်ဖြစ်ပေါ်လာသည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးဆိုင်ရာများနှင့်စပ်လျဉ်းသည့်ဆွေးနွေးရာတွင် ''စီးပွားရေးနှင့် ဆက်နွှယ်နေသည်မှာ အလုပ်အကိုင်ဖြစ်ပါကြောင်း၊ အလုပ်အကိုင်ရှိခြင်းဆိုသည်မှာ ဝင်ငွေတစ်ခုတည်းမဟုတ် ဘဲ မိမိ၏ဂုဏ်သိက္ခာအတွက်လည်း ပါဝင်ပါကြောင်း၊ အလုပ်အကိုင်မရှိပါက စိတ်ဓာတ်ကျပြီး ကယောင် ချောက်ချားဖြစ်တတ်ပါကြောင်း၊ ထို့ကြောင့် အလုပ်အကိုင်အခွင့်အလမ်းများ မထိခိုက်စေရန် ဂရုစိုက်ဆောင် ရွက်လျက်ရှိကြောင်း'' ထည့်သွင်းပြောကြားခဲ့သည်။


ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် စီမံကိန်းမှအတိုးနှုန်း သက်သာသည့်ချေးငွေနှင့်အလုပ်အကိုင်အခွင့်အလမ်းများ၊ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်ပေါ်ပေါက်လာခြင်း၊ မိသားစုဝင်ငွေတိုးပွားလာခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ် ငန်းများတိုးတက်လာခြင်း၊ အကျိုးကျေးဇူးများရရှိလာမည်ဟု ဆိုချင်ပါကြောင်း    ။    ။






အခြားဆက်စပ်သတင်းများ