ရန်ကုန် ဇွန် ၁၇
ကိုရီးယား-မြန်မာ စက်မှုဇုန်စီမံကိန်း (KMIC)ကို ယခုနှစ်မကုန်မီလုပ်ငန်းများ စတင်အကောင်အထည် ဖော်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး၊ Mr. Lee Sang-hwa တို့ Video Conferencing စနစ်ဖြင့် တွေ့ဆုံရာတွင် အဆိုပါ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
"ဒီလုပ်ငန်းဟာ ကိုရီးယားနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ရဲ့ပထမဦးဆုံး အစိုးရချင်း ပူးပေါင်းဆောင်ရွက်တဲ့ လုပ်ငန်းပါ။ KMIC Development ကုမ္ပဏီက အကောင်ထည်ဖော်ဆောင်ရွက်မယ့် ကိုရီးယား- မြန်မာစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းပဲဖြစ်ပါတယ်။ ဒီလုပ်ငန်းကို Phase 1၊ Phase 2 နဲ့ ပထမဆုံးသွားမှာဖြစ်ပါတယ်။ ဒီလုပ်ငန်းကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလက ခွင့်ပြုခဲ့တာပါ"ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောသည်။
အဆိုပါ စီမံကိန်းကို နှစ်နိုင်ငံအစိုးရများကြား သဘောတူညီမှုဖြင့် အကောင်အထည်ဖော် တည်ဆောက် ရန်အတွက် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအတွင်းက သဘောတူလက်မှတ်ရေးထိုးခဲ့သည်။
ယင်းစီမံကိန်းကို အပိုင်း ၂ ပိုင်းခွဲ၍ တည်ဆောက်သွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင်သင်တန်းကျောင်းရှိ မြေဧရိယာ ၅၅၈ ဧကပေါ်တွင် ကိုရီးယားနိုင်ငံ KMIC Development co.,ltd မှ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်သည်။
အဆိုပါ စီမံကိန်း အကောင်ဖော်ဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက ၄၀ ရာခိုင်နှုန်း၊ Korea Land & Housing Corporation က ၄၀ ရာခိုင်နှုန်းနှင့် Global see A ကိုရီးယားကုမ္ပဏီတို့က ၂၀ ရာခိုင်နှုန်း ပူးပေါင်း၍ အကောင်ထည်ဖော်ဆောင်ရွက် ခြင်းဖြစ်ကြောင်း သိရသည်။
မေဘယ်လ်အောင်