ဇွန် ၁၇ နယူးဒေလီ
ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ဟိမဝန္တာနယ်စပ်ဒေသတွင် တရုတ်တပ်ဖွဲ့များနှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းကြောင့် အနည်းဆုံး အိန္ဒိယစစ်သည် ၂၀ ဦး သေဆုံးခဲ့သည်ဟု အိန္ဒိယအရာရှိများက ပြောသည်။ အိန္ဒိယနှင့်တရုတ်နိုင်ငံကြား တင်းမာမှုမြင့်တက်လာပြီးနောက် ယခုကဲ့သို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အဆိုပါတိုက်ခိုက်မှုမှာ အနည်းဆုံး ၄၅ နှစ်တာကာလအတွင်း လူသေဆုံးစေသည့် ပထမဆုံး တိုက်ခိုက်မှုဖြစ်သည်။ အစောပိုင်းတွင် အိန္ဒိယစစ်တပ်က စစ်သည် ၃ ဦးသာ သေဆုံးခဲ့သည်ဟု ကြေညာခဲ့ပြီး နှစ်ဖက်စလုံး စစ်သည်ကျဆုံးမှုရှိခဲ့သည်ဟု ဖော်ပြခဲ့သည်။ ထို့နောက် နာရီပိုင်းအကြာတွင် ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိထားသည့် စစ်သည်များ သေဆုံးခဲ့သည်ဟု အိန္ဒိယအရာရှိများက ပြောသည်။
တရုတ်နိုင်ငံမှာ ပြီးခဲ့သည့်ရက်သတ္တပတ်က ချုပ်ဆိုခဲ့သည့် ဂယ်ဝမ်တောင်ကြား လက်တွေ့ ထိန်းချုပ်ရေးစည်း(LAC)သဘောတူစာချုပ်ကို ချိုးဖောက်ခဲ့သည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက စွပ်စွဲခဲ့သည်။ တရုတ်နိုင်ငံက ယင်းတို့၏စစ်သည်များ ကျဆုံးမှုရှိသည်ဟု အတည်ပြုခဲ့ခြင်းမရှိပေ။ အဆိုပါတိုက်ခိုက်မှုတွင် သေနတ်တစ်ချက်မျှ ပစ်ခဲ့ခြင်းမရှိကြောင်း အိန္ဒိယနိုင်ငံက ပြောသည်။ သေနတ်မပစ်ဘဲ တိုက်ပွဲပြင်းထန်ခဲ့သည့် အခြေအနေကို အတိအကျ မသိရသေးပေ။ ဒေသခံမီဒီယာများ၏ ဖော်ပြချက်အရ ကျောက်ခဲများ၊ တင်းပုတ်များကို အသုံးပြုတိုက်ခိုက်ခဲ့ကြသည်ဟု ဆိုသည်။
အိန္ဒိယတပ်ဖွဲ့က နယ်စပ်ကို ကျော်ဖြတ်ပြီး တရုတ်နိုင်ငံပိုင်နက်ထဲ ဝင်ရောက်လာခဲ့ခြင်းဟု တရုတ်နိုင်ငံက စွပ်စွဲထားသည်။ ဟိမဝန္တာတောင်တန်းပေါ်က တပ်ဖွဲ့နှစ်ခုကြား အလွန်တင်းမာလွန်းသည့် အခြေအနေ ရှိနေပြီး တိုက်ပွဲအကြီးအကျယ် မဖြစ်အောင် ထိန်းချုပ်နိုင်ရန် ဖိအားကြီးထွားလာလိမ့်မည်ဟု ဘီဘီစီသတင်းဌာန၏ သံတမန်ရေးရာ ဂျာနယ်လစ် ဂျိမ်းစ်ရော်ဘင်က ပြောသည်။
(KNT)