နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 လူနာများကို အသက်ကယ်ပေးနိုင်ပြီး ဈေးချိုချိုဖြင့် အလွယ်တကူရနိုင်သည့် ဆေးဝါး တွေ့ရှိ

ဇွန် ၁၇ လန်ဒန်


ဈေးချိုချိုဖြင့် အလွယ်တကူရရှိနိုင်သည့် ဆေးဝါးတစ်မျိုးက ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသည်းအသန် ဖြစ်နေသည့် လူနာများကို အသက်ကယ်တင်နိုင်ရန် အထောက်အကူဖြစ်စေနိုင်သည်ဟု အောက်စဖို့ဒ် တက္ကသိုလ်၏ သုတေသီများက အတည်ပြုခဲ့သည်။ စတီးရွိုက်ဆေးဝါးဖြစ်သည့် dexamethasone (ဒက်ဇာမက်သာဆုန်း) ဆေး အနည်းငယ်ပေးရုံဖြင့် ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်နိုင်သည်ဟု ဆိုသည်။


အောက်စဖို့ဒ်တက္ကသိုလ်၏ သုတေသီအဖွဲ့က ဦးဆောင်ပြီး ကိုရိုနာဗိုင်းရပ်စ် လူနာ ၂၀၀၀၀ ကို ဒက်ဇာမက်သာဆုန်းဆေး ပေးခဲ့သည်။ ထို့နောက်တွင် ဆေးပေးခဲ့သူများကို ဆေးမပေးသူ လူနာ ၄၀၀၀ နှင့် နှိုင်းယှဉ်တွက်ချက်ကြည့်ရာ ဒက်ဇာမက်သာဆုန်းဆေးက ထိရောက်မှုရှိကြောင်း တွေ့ရှိခဲ့သည်။ အသက်ရှူစက်တပ်ထားရသည့် လူနာများကို သေဆုံးနိုင်ခြေ ၃ ပုံ၊ ၁ ပုံ လျော့နည်းသွားစေပြီး အောက်ဆီဂျင်ပေးထားရသူများကို  သေဆုံးနိုင်ခြေ ၅ ပုံ၊ ၁ ပုံ လျော့နည်းစေသည်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ စဖြစ်ကတည်းက ဗြိတိန်နိုင်ငံတွင် လူနာများကို ဒက်ဇာမက်သာဆုန်း ဆေးပေးခဲ့မည်ဆိုပါက လူ ၅၀၀၀ နီးပါးကို အသက်ကယ်နိုင်လိမ့်မည်ဟု သုတေသီများက ဆိုသည်။


ယခုတွေ့ရှိမှုမှာ ဆင်းရဲနွမ်းပါးပြီး COVID-19 လူနာ များပြားလွန်းသည့် နိုင်ငံများအတွက် အလွန်အကျိုးရှိစေနိုင်သည်ဟု ဆိုသည်။ ပုံမှန်အားဖြင့် ကိုရိုနာဗိုင်းရပ်စ်ရှိသည့် လူနာ ၂၀ ဦးအနက် ၁၉ ဦးမှာ ဆေးရုံတက်စရာမလိုဘဲ သက်သာပျောက်ကင်းသွားလေ့ရှိသည်။ ဆေးရုံတက်ရသူ အများစုမှာ ပြန်လည်သက်သာလေ့ရှိသော်လည်း အချို့သူများကို အောက်ဆီဂျင် သို့မဟုတ် အသက်ရှူစက် တပ်ပေးရသည်။ ဒက်ဇာမက်သာဆုန်း ဆေးမှာ ယခင်က ရောင်ရမ်းမှုဝေဒနာ လျှော့ချနိုင်ရန် အသုံးပြုသည့် ဆေးဝါးဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ရန် ကြိုးစားချိန်တွင် ကိုယ်ခံအားစနစ် အဆမတန် အလုပ်လုပ်ရသည့်အတွက် ထိခိုက်မှုအချို့ ဖြစ်စေနိုင်ပြီး ဒက်ဇာမက်သာဆုန်း ဆေးက ယင်းကဲ့သို့ ထိခိုက်မှုများကို တားဆီးကာကွယ်ပေးနိုင်ဖွယ်ရှိသည်ဟု ဆိုသည်။                                                  


(KNT)






အခြားဆက်စပ်သတင်းများ