နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမှိုက်ဟူ၍ ဆိုလိုက်သည်နှင့် ....

ရန်ကုန် ဧပြီ ၅ ကျွန်တော်တို့သည် လွန်ခဲ့သော အနှစ်လေးဆယ်ကျော် ရန်ကုန်ကိုပြန်ကြည့်လိုက်သော်၊ ရန်ကုန်မြို့၌ အထင်ကရအမှိုက်ပုံကြီး နှစ်ပုံကို ရန်ကုန်မြို့နေလူထုတိုင်း သိကြသည်ချည်းဟူ၍ ဆိုနိုင်ပါသည်။ အရပ်ခေါ် အဆိုပါအမှိုက်ပုံ နှစ်ပုံကို (၁) အလုံအမှိုက်ပုံ၊ (၂) မအူကုန်းအမှိုက်ပုံဟူ၍ ခေါ်ကြသည်။ ၁၉၈၈ ခုနှစ် အရေးအခင်းကာလလွန်သောအခါတွင် အဆိုပါအမှိုက်ပုံ နှစ်ခု၏ နိဂုံးကို လူတွေ တဖြည်းဖြည်း တွေ့မြင်လာနိုင်ပါသည်။ ယခုကာလ အဆိုပါမှိုက်ပုံ၏ ပုံရိပ်ကို ဖော်ပြစမ်းပါဆိုလျှင် အလုံမြို့နယ် (ယခုအခေါ်) ကမ်းနားလမ်းပေါ်ရှိ ဒန်အိုးစက်မှတ်တိုင်ရှေ့၌ရှိသော အဆောက်အအုံများ (အလုံမီးသတ်ဘေးမှ ဆင်မင်းဈေးဘေးအထိ) နေရာ၌ တောင်ကြီးတစ်ခုအလားရှိနေသော အမှိုက်ပုံကြီး အဖြစ် စိတ်ကူးကြည့်၍ရနိုင်ပါသည်။ မအူကုန်းအမှိုက်ပုံမှာ ယခု ယုဇနဈေး (မင်္ဂလာဈေးအနီး) အဆောက်အအုံနှင့် သူ့နောက်ဖက် အဆောက်အအုံများနေရာ၌ တောင်ကတုံးကြီးတစ်ခုကဲ့သို့ ဖြစ်တည်နေသော အမှိုက်ပုံကြီးဖြစ်သည်။ ဌာနအခေါ် အရှေ့ပိုင်းအမှိုက်ပုံနှင့် အလုံမြို့နယ်ရှိ အမှိုက်ပုံအား အနောက်ပိုင်းအမှိုက်ပုံဟူ၍ ခေါ်ခဲ့သည်။ လူထုက မြူနီစီပါယ်လုပ်သားများမြင်လျှင် (အလုပ်သမားခေတ်၊ တောင်သူလယ်သမားခေတ်အဖြစ် တည်ဆောက်ခဲ့သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင်) အမှိုက်ကျုံးသည့် ငတိများဟူ၍ မြင်ခဲ့ကြ မည်ဖြစ်သည်။ ၁၉၈၈ အရေးအခင်းကာလ လူထုတန်းစီအော်ဟစ်သည့်အထဲတွင် "ဒေဝူး၊ ဒေဝူး၊ စုတ်-စုတ်"၊ "မြူနီစီပါယ်၊ မြူနီစီပါယ်၊ ချီးပုံး-ချီးပုံး" ဟူ၍ပင် အော်ဟစ်ခဲ့ကြလေသည်။ အင်္ဂလိပ်ကိုလိုနီသည် အိန္ဒိယမှ ကုလားအလုပ်သမားများကို သင်္ဘောကြီးများနှင့် တင်ဆောင်ကာ မြူနီစီပါယ်တွင် ထိုစဉ်က အလုပ်ပေးထားခဲ့သည်။ ဇလားအိမ်သာများရှိသောအချိန် ညပိုင်းဆိုလျှင် ရန်ကုန်အရှေ့ပိုင်း (၄) လမ်းနှင့် ပုဇွန်တောင်မြို့နယ်နှင့် ဗိုလ်တထောင်မြို့နယ်အစပ်တစ်ဝိုက်တွင် သူတို့တတွေ အလုပ်လုပ်ကြရသည်။ ၁၉၈၈ ခုနှစ် အရေးအခင်းကာလနောက်ပိုင်း သန့်ရှင်းရေးဌာနမှူးအဖြစ်မှ ကော်မတီဝင်၊ ထို့နောက် တွဲဖက်အတွင်းရေးမှူးဖြစ်ခဲ့သော (အငြိမ်းစားဗိုလ်မှူး) ဦးကြည်ဝင်း၏ စီမံကွပ်ကဲမှု နှင့်ထိုစဉ်က မြို့နယ်အုပ်ချုပ်ရေးမှူးများ၏ စုပေါင်းကြိုးစားမှု၏ ရလဒ်အဖြစ် ဇလားအိမ်သာများ နိဂုံးချုပ်ကာ ရေလောင်းအိမ်သာများ အစားထိုးနိုင်လာခြင်းသည် မှတ်တမ်းတင်ရမည့် စည်ပင်သာယာရေးအဖွဲ့အစည်း၏ အပြောင်းအလဲဖြစ်ခဲ့သည်။ ထိုစဉ်က မြို့တော်ဝန် ဗိုလ်မှူးကြီးကိုလေးက သန့်ရှင်းရေးလုပ်ငန်းသားများကို (Yellow Army) "ယဲလိုး အာမီ" ဟူ၍ပင် တင်စားခေါ်ဝေါ်ခဲ့သည်။ "အဝါရောင်တပ်ဖွဲ့" ကြီးအဖြစ် ရန်ကုန်မြို့ကို သန့်ရှင်းလှပ စိမ်းလန်းသော မြို့တော်အဖြစ် အသွင်ပြောင်းနိုင်ခဲ့သော ကာလလည်းဖြစ်ပါသည်။ ယခုအခါ သန့်ရှင်းရေးဌာန၏ အမည်မှာ "ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန"ဟူ၍ မြို့တော်ဝန် ဦးကိုလေးလက်ထက်မှ စတင်၍ ပြောင်းလဲခဲ့ပြီး ထိုစဉ်က (သန့်ရှင်းရေးဌာနမှူးမှ အဆင့်ဆင့် တိုးမြင့်လာသော) အဘဦးကြည်ဝင်းသည် တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ချိန်လည်း ဖြစ်ပါသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ (၂၀၁၈ ခုနှစ်) ပြဋ္ဌာန်းပြီးချိန်၌ "ပတ်ဝန်းကျင်စီမံခန့်ခွဲရေး လုပ်ငန်းတာဝန်ခံအဖွဲ့" ဟူ၍ ခေါ်ဆိုပြီး ယင်းဥပဒေ အခန်း (၂၃) (ပုဒ်မ ၂၂၇ မှ ပုဒ်မ ၂၆၈ အထိ) ဆောင်ရွက် ရမည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ ကော်မတီ၏ စီမံခန့်ခွဲနိုင်မှုများကို ပြဋ္ဌာန်းကာ ဖော်ပြထားရှိပါသည်။ ထို့ကြောင့် တစ်ချိန်က အမှိုက်သိမ်းသောဌာန အလုပ်သမားများဆိုလျှင် ထစ်ကနဲရှိပါက လုပ်အားပေး အဖြစ်ခေါ်ကာ ဝန်ကြီးဌာန၊ ဦးစီးဌာနများသည် ဆိုရှယ်လစ်ခေါင်းစဉ်အောက်၌ မြူနီစီပါယ်အလုပ်သမားများ မှာ တစ်ဝန်းလုံး၊ တစ်ခြံလုံး၊ ရုံးဧရိယာတစ်ခုလုံးသာ ရှင်းလင်းသွားပြီးသော်လည်း သူတို့အလုပ် သူတို့လုပ်ရ တာပဲဟူသော အသိမျိုး၊ အကြည့်မျိုးနှင့် ခွေးလှေးဖုံမထသော ဘဝမျိုးနှင့် ကြိုးစားလုပ်ဆောင်ခဲ့ရသည်ဟု ဆိုလျှင်လည်း ရနိုင်ပါသည်။ တကယ်တော့ သန့်ရှင်းရေး၏အရေးပါပုံကို "အမှိုက်တစ်စ" နှင့် ဥပမာပေးနိုင်ပါသည်။ လူဦးရေ ၆ သန်းကျော်ရှိသော ရန်ကုန်မြို့နေလူထုများ၏ တစ်ဦးချင်း၏လက်ဝယ်၌ "အဆိုပါ အမှိုက်တစ်စ" ကို ကိုင်ထားသည့်ပုံရိပ်ကို ကြည့်လိုက်ပါ မိတ်ဆွေ။ အမှိုက်စပေါင်း ၆ သန်းကျော်သည် ရန်ကုန်မြို့၏ ဧရိယာ နယ်နိမိတ်ပေါ်သို့ ကျရောက်လာခြင်းမရှိသေးသော အမှိုက်များအဖြစ် သတ်မှတ်နိုင်မည် မဟုတ်ပါလော။ လူ ၆ သန်းကျော် ပစ်ချလိုက်မည့် အမှိုက်စ ၆ သန်းကျော်သည် ရေစီးရေလာ ချောင်းများ၊ မြောင်းများ၊ လမ်းချိုး လမ်းကွေ့ရှိ တံတားများဝန်းကျင် ပိတ်ဆို့ကာ ရေလျှံခြင်း၊ ရေကြီးခြင်း စသော နောက်ဆက်တွဲဆိုးကျိုးများ သည် တန်းစီ၍ စောင့်ဆိုင်းနေကြောင်း မိတ်ဆွေစဉ်းစားလိုက်မိသည်နှင့် ဤအမှိုက်တစ်စကို ပစ်ချလိုစိတ်ရှိဦး ပါမည်လား။ စိတ်ကောင်းနှလုံးကောင်းနှင့် "သန့်ရှင်းပါမှ ကျန်းမာမည်"ဟူသော အသိရှိသူ တစ်စုံတစ်ဦး မှန်ပါလျှင် ထိုအမှိုက်တစ်စကို ပစ်ချလိမ့်မည် မဟုတ်တော့ပါ။ သူတို့သည် (အဆိုပါ မြူနီစီပါယ်လုပ်သားတို့သည်) ဤကဲ့သို့ အရေးပါလှသော နောက်ဆက်တွဲဆိုးကျိုး များ၏ အန္တရာယ်ကို သိ၍ အမှိုက်များသိမ်းဆည်းနေကြသူများ မဟုတ်ကြပါ။ သူတို့ဘဝ သူတို့ဖြစ်တည်ရမှု များ၏ စေခိုင်းချက်များအတိုင်း သူတို့အလုပ်ကို သူတို့လုပ်နေကြခြင်းမျှသာ ဖြစ်ကြပါ၏။ ကျွနု်ပ်တို့သည် သူတို့၏ဘဝများကို ကိုယ်ချင်းစာနာမည်ဆိုလျှင် ကြီးကြီးကျယ်ကျယ် အများကြီးလုပ်စရာမရှိပါ။ ကိုယ့်အမှိုက် ကိုယ်သိမ်း၍ စနစ်တကျစွန့်ပစ်ရန်နှင့် အမှိုက်တစ်စကို တွေ့ရာနေရာသို့ ပစ်မချမိအောင် နေရုံမျှနှင့် ကိုယ်ချင်းစာမှုရှိကြောင်း ဖော်ပြ၍ရသည့် ရိုးရှင်းသောနေထိုင်မှုပုံစံကို ကျင့်သုံးလိုက်နာရုံမျှနှင့် လုံလောက်ပါသည်။ ကောင်းပါပြီ။ အဆိုပါ မြူနီစီပါယ်ဝန်ထမ်းများ၏ ယခုအခါ တိုးတက်လာသော နိုင်ငံတကာစံချိန်စံနှုန်း များနှင့်အညီ သန့်ရှင်းရေးလုပ်ငန်းများမှာလည်း များစွာခြားနားသွားခဲ့ပြီဖြစ်ကြောင်း အကျဉ်းရုံးလျက် ဖော်ပြပါဦးမည်။ အမှိုက်သိမ်းရာမှာ စနစ်တကျခွဲခြားခြင်းရှိလာသည်။ ထို့အတူ အမှိုက်စွန့်ပစ်ရန် တာဝန်ကွဲပြားမှုရှိလာ သည်။ မိမိခြံ၊ မိမိဌာနဝင်းရှိ အမှိုက်ကို မိမိကိုယ်တိုင်စီမံလျက် မြေကျင်းတူးကာ တွင်း/ကျင်းထဲ၌ စုပုံခြင်း၊ မြေပြန်လည်ဖို့ခြင်း သို့မဟုတ် ပတ်/သန့်ဌာနသို့ "On Call" ခေါ်၍ အမှိုက်သိမ်းစွန့်ပစ်ရန် ဝန်ဆောင်ခရှင်းလင်း ၍ ဆောင်ရွက်ခြင်း ပုံစံပြောင်းလာသည်။ မိမိမီးဖိုချောင်အမှိုက်ကို လမ်းတွင်စီမံထားသော အမှိုက်ကန်၊ အမှိုက်ပုံးသို့ မိမိကိုယ်တိုင် လုံခြုံစွာ ထုပ်ထားသော အမှိုက်ထုပ်ကို သွားရောက်စွန့်ပစ်ခြင်း သို့မဟုတ် အမှိုက်သိမ်းကား လာရောက်သိမ်းဆည်း မည့်နေရာ၊ အမှိုက်လှည်း လာရောက်သိမ်းဆည်းမည့်နေရာ၌ သတ်မှတ်ချက်နှင့်အညီ စုပုံထားရှိခြင်း ပုံစံ ပြောင်းလဲလာပါသည်။ အမှိုက်စိုအိတ်နှင့် အမှိုက်ခြောက်အိတ် ခွဲခြားစွန့်ပစ်ရန် ပုံစံပြောင်းလဲလာပါသည်။ ဌာနအနေဖြင့်လည်း အမှိုက်သိမ်းသည့်စနစ်များ ပြောင်းလဲလာပါသည် - - အမှိုက်ကန်စနစ် - အမှိုက်ပုံးစနစ် - ဘတ်စ်ကားမှတ်တိုင်များ၌ အမှိုက်ပုံး၊ ကွမ်းတံတွေးပုံးများနှင့် သတိပေးဆိုင်းဘုတ်ထားရှိသော စနစ် - ခေါင်းလောင်းတီး အမှိုက်သိမ်းစနစ် - လှဲ/သိမ်းစနစ် - သီးခြားအမှိုက်သိမ်းစနစ် - ဆေးရုံ၊ ဆေးခန်း၊ စက်ရုံ၊ အလုပ်ရုံ အမှိုက်သိမ်းစနစ် - ဌာနဆိုင်ရာနှင့်ညှိနှိုင်း၍ အခွန်အခရယူ အမှိုက်သိမ်းစနစ် - နောက်ဆုံးစွန့်ပစ်အမှိုက်ပုံများ အဆင့်မြှင့်တင်ခြင်းနှင့် အမှိုက်ထားရှိမှုပြောင်းလဲသောစနစ် - စွန့်ပစ်အမှိုက်များကို စွန့်ပစ်အမှိုက်များမှ လျှပ်စစ်စွမ်းအား ထုတ်လုပ်ကာ အမှိုက်သိမ်းဆည်း/ ဖျောက်ဖျက်သော စနစ် အစရှိသော အမှိုက်သိမ်းဆည်းမှု၊ စွန့်ပစ်မှုပုံစံများ ပြောင်းလဲပြင်ဆင်နိုင်လာခဲ့ပါသည်။ တစ်နည်းအား ဖြင့် မြို့တော်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာများကို ခေါင်းစဉ်များ ခွဲခြားကာ တာဝန်တစ်ရပ် သတ်မှတ် ဆောင်ရွက်လာကြခြင်းဟူ၍လည်း ဆိုနိုင်ပါသည်။ အကြမ်းဖျဉ်းအားဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ များနှင့်ပတ်သက်၍ ခေါင်းစဉ်များခွဲခြားခြင်းကို လေ့လာပါက အောက်ပါအတိုင်း တွေ့ရှိနိုင်ပါသည် - - ပတ်ဝန်းကျင်အရည်အသွေးဆိုင်ရာ စံချိန်စံညွှန်းသတ်မှတ်ရေး - ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ရေး - အညစ်အကြေး စွန့်ပစ်မှုဆိုင်ရာ စံချိန်စံညွှန်းများ ခွဲခြားသတ်မှတ်ရေး - လေထုညစ်ညမ်းမှု ထိန်းသိမ်းကာကွယ်ရေး - ရေထုညစ်ညမ်းမှု ထိန်းသိမ်းကာကွယ်ရေး - အသံဆူညံမှု ထိန်းသိမ်းကာကွယ်ရေး - မြေထုညစ်ညမ်းမှု ထိန်းသိမ်းကာကွယ်ရေး - အမှိုက်များအနက် ဘေးဥပါဒ်ဖြစ်စေသည့်အရာနှင့် စွန့်ပစ်ပစ္စည်းများ တားဆီးထိန်းသိမ်းရေး အစရှိသည်တို့ဖြစ်ကြပါသည်။ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ပြည်ပနိုင်ငံများနှင့် လုပ်ဆောင်နိုင်ပုံ အနေအထားများကို သီးခြားဖော်ပြ ရန် ကြိုးစားဦးမည်ဖြစ်ပါသည်။ (မြူလင်း)






အခြားဆက်စပ်သတင်းများ