နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျန်းမာရေးအသိ၊ အစဉ်သတိပြုပါ

ကမ္ဘာတွင် ရုတ်တရက်နှလုံးဖောက်ပြန်မှုရောဂါကြောင့် သေဆုံးရသူဦးရေသည် ၁၇ ဒသမ ၃ သန်းကျော်ရှိကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီး၏ထုတ်ပြန်ချက်အရ သိရပေသည်။ လူတို့၏ နေထိုင်စားသောက်မှုပုံစံများပြောင်းလဲလာသည်နှင့်အမျှ အဖြစ် အများဆုံးရောဂါများတွင် နှလုံးရောဂါ ပါဝင်လာသည်။

နှလုံးသွေးကြောကျဉ်းရောဂါ၊ ရုတ်တရက်နှလုံးဖောက်ပြန်မှု ရောဂါစသည့်နှလုံးရောဂါများသည် လူကိုအန္တရာယ်ပြုစေနိုင်သော ရောဂါများပင်ဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ရည်မှန်းချက် ဖြစ်သော ၂၀၂၅ ခုနှစ်တွင် နှလုံးသွေးကြောရောဂါကြောင့် အရွယ် မတိုင်မီသေဆုံးရခြင်းကို ၂၅ ရာခိုင်နှုန်းလျှော့ချရန် ကျန်းမာရေး အဖွဲ့အစည်းအသီးသီးက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ရုတ်တရက်နှလုံးဖောက်ပြန်မှုရောဂါကြောင့် သေဆုံးရခြင်း၏ အဓိကအကြောင်းအရင်းမှာ ရောဂါကို ကြိုတင်မသိခြင်း၊ ရောဂါရှိ ကြောင်းသိသော်လည်း ပေါ့ပေါ့တန်တန် နေထိုင်စားသောက်နေခြင်း၊ ကျန်းမာရေးစစ်ဆေးမှုအားနည်းခြင်း၊ နှလုံးရောဂါနှင့်ပတ်သက်၍ ရှောင်ရန်/ဆောင်ရန်များကို လျစ်လျူရှုထားခြင်း စသည်တို့ကြောင့် ဖြစ်သည်။ 

နှလုံးရောဂါသည်ဖြစ်ပြီဆိုလျှင် ကုသရန်ခက်ခဲလှသည်။ လူတို့ အနေဖြင့် နှလုံးရောဂါဖြစ်ပွားမှုကာကွယ်နိုင်ရန်အတွက် သစ်သီး ဝလံနှင့် ဟင်းသီးဟင်းရွက်များကို များများစားသုံးခြင်း၊ အငန်၊ အချို၊ အဆီ၊ အဆိမ့်များလျှော့၍စားသုံးခြင်း၊ အရက်နှင့်ဆေးလိပ် သောက်သုံးမှုရှောင်ကြဉ်ခြင်း၊ အဝလွန်မှုကို ဂရုပြုကာကွယ် ထိန်းသိမ်းခြင်း၊ ပုံမှန်လေ့ကျင့်ခန်းတစ်ခုခုပြုလုပ်ခြင်းစသည်တို့ကို လိုက်နာဆောင်ရွက်သင့်သည်။ 

လူအချို့စားသုံးသော အဓိကဟင်းလျာများတွင် အငန်၊ အချို နှင့် အဆီဓာတ်များပိုကဲစွာတွေ့ရတတ်သည်။ အချို့ကား အဆီများ ခြင်းအန္တရာယ်ကို သတိမထားမိကြ။ ထို့ကြောင့် ဆေးဘက်ဆိုင်ရာ ပညာရှင်များက အသားမှရသောဆီထက် ဟင်းသီး၊ ဟင်းရွက်နှင့် ငါးမှရသောဆီကို စားသုံးကြရန် ညွှန်းဆိုကြခြင်းဖြစ်သည်။ 

သို့ဖြစ်ရာ လူတို့အနေဖြင့် နှလုံးရောဂါကိုကာကွယ်ခြင်းသည် ကုသခြင်းထက် ထိရောက်သည်ဆိုသည့်စကားအတိုင်း အနေ အထိုင်၊ အစားအသောက်တို့ကို သတိပြုစားသောက်နေထိုင်သင့် ကြောင်း နှိုးဆော်ရပေသည် ။






အခြားဆက်စပ်သတင်းများ