နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေထွက်ပစ္စည်း တစ်ပိုင်တနိုင်မွေးမြူထုတ်လုပ်ဖြန့်ချိမှု အောင်မြင်လျက်ရှိ

ရန်ကုန် ဇွန် ၁၆ 


ရန်ကုန်တိုင်းဒေသကြီးတွင်အခြေခံစားသောက်ကုန်များ၌အရေးပါသောရေထွက်ပစ္စည်းများကိုငါးမွေး တောင်သူတို့တစ်ပိုင်တနိုင်မွေးမြူမှုဖြင့်ကျေးလက်လူမှုစီးပွားကိုအထောက်အကူပြုလျက်ရှိရာထန်းတပင် မြို့နယ်၊ ဆတ်ကလေးကျေးရွာမှ ငါးမွေးတောင်သူများထုတ်လုပ်ဖြန့်ချိလျက် မွေးမြူရေးအောင်မြင်လျက်ရှိ ကြောင်းသိရသည်။


တစ်ဧအကျယ်တွင် အနက်(၆)ပေတူးထားသော ငါးကန်၌ငါးတန်နှင့်ငါးမုန့်သားပေါက်(၄)လက်မအရွယ် တစ်ကောင်လျှင်ကျပ်(၈၀)၊(၉၀)ဖြင့်(၃)သားပေါက်စခန်းများမှဝယ်ယူ၍ ကောင်ရေ(၃)ထောင်မွေးမြူကာ တစ်နှစ်ပြည့်ပါက အချိန်(၁)ပိသာ(၃၀)မှ (၁)ပိသာ(၇၀)ကျပ်သားအရွယ်၌ ကြည့်မြင်တိုင်ငါးဈေးနှင့် ရွှေပိတောက်ငါးဈေးတို့တွင်ပြည်တွင်းစားသုံးမှုအတွက်တင်ပို့ရောင်းချလျက်ရှိသည်။ ''COVID-19 ရောဂါကာလမှာ ငါးဈေးနည်းနည်းကျသွားပြီးတော့ နယ်ပို့ကုန်နည်းသွားတာလည်းပါတယ်။ ဒါပေမယ့်ကျွန်တော်တို့မွေးမြူရေးသမားတွေအနေနဲ့လုပ်ငန်းရပ်လို့တော့မရဘူး။ အချိတ်အဆက်မိအောင်ဆက်ပြီးမွေးရတယ်။ အရင်း ရတာရှိသလိုအမြတ်များတဲ့အခါလည်းရှိတယ်။ ဒီနှစ်အမြတ်နည်းပေမယ့် လာမယ့်ရာသီမှာဈေးကောင်း ရမှာပါ။ အရင်းအနှီးကတစ်ဧကကိုကျပ်(၆၅)သိန်းရှိမယ်၊ တစ်ကန်ကို(၁၀)သိန်းနီးပါးမြတ်တယ်။ ငါးမွေးတောင်သူတွေ အနေနဲ့တစ်ပိုင်တနိုင်မွေးမြူမှုကိုတစ်စိုက်မတ်မတ်လုပ်ဆောင်မယ်ဆိုရင် စီးပွားရေးအောင်မြင်တဲ့  လုပ်ငန်း တစ်ခုဆိုရင်လည်းမမှားပါဘူး”ဟု ငါးကန်ဧက(၃၀)မွေးမြူထားသော ဆတ်ကလေးကျေးရွာမှဦးဝေဖြိုး အောင်ကပြောသည်။


ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးရာသီစပါးစိုက်ပျိုးမှုအပြင် တစ်ပိုင်တနိုင်ငါးမွေးမြူရေးလုပ်ငန်း များ လည်းရှိရာ တစ်ဧကလျှင်ငါးတန်ချိန်(၃၅၀ဝ)မှ(၄၀ဝ၀)ထိထွက်ရှိပြီးဈေးကွက်ဝင်ဆိုဒ်မှာ၁ ပိသာ ၇၀ ဆိုဒ်ဖြစ်သည်။ ငါးတန်ကိုဒေသတွင်းစားသုံးမှုအပြင်ငါးခြောက်ပြုလုပ်၍ပြည်ပတင်ပို့လျက်ရှိပြီး ငါးမုန့်မှာစားသောက်ဆိုင်၊ဟိုတယ်များနှင့် အခြားသောတိုင်းဒေသကြီးတို့တွင်ဈေးကွက်ဝင်ရေထွက်ပစ္စည်း ဖြစ်ကြောင်း၊ COVID-19 ရောဂါမဖြစ်မီကငါးတန်တစ်ပိသာလျှင်ကျပ်(၂၃၀ဝ)ဈေးရှိပြီးယနေ့ငါးတန်တစ်ပိသာလျှင်ကျပ် (၂၁၀ဝ)နှင့်ငါးခြောက်အတွက်တစ်ပိသာကျပ်(၁၉၀ဝ)ဖြင့်ရောင်းချလျက်ရှိကြောင်း၊ယခုရာသီသည် ပင်လယ် ပြင်ငါးဖမ်းဆီးမှုပိတ်သောရာသီဖြစ်ရာ ရေချိုကုန်ပစ္စည်းဈေးကောင်းရသော အချိန်ဖြစ်သော်လည်းနယ်မှကုန် မှာယူမှုလျော့ကျလာခြင်းနှင့် COVID-19 ရောဂါကာလတွင်ရောင်းလိုအားနှင့်ဝယ်လိုအားပြောင်းလဲမှုရှိ၍ အမြတ်ရရှိမှု ပြောင်းလဲခြင်းဖြစ်ကြောင်း သိရသည်။


ထန်းတပင်မြို့နယ်သည် ဧရာဝတီတိုင်းဒေသကြီးနှင့်ကပ်လျက်ရှိပြီး ရာသီလိုက်စိုက်ပျိုးရေးအပြင်    ငါးမွေးမြူရေးလုပ်ငန်းဖြင့် တိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူမှုကို အထောက်အပံ့ဖြစ်စေလျက်ရှိရာ တစ်ပိုင်တနိုင်ငါးမွေးကန်များ၌ ငါးတန်၊ ငါးမြစ်ချင်း၊ ငါးမုန့်တို့ကိုတစ်နှစ်တစ်ကြိမ်ဖော်၍တင်ပို့ရောင်းချ လျက်ရှိပြီး သုံးလတစ်ကြိမ်ဈေးကွက်ဝင်သော ငါးခေါင်းပွ၊ငါးခူနှင့်ငါးပြေမတို့ကိုလည်း မွေးမြူလျက်ရှိကာ စပါးစိုက်ပျိုးမှုနှင့် ခြံလုပ်ငန်းများသော ရန်ကုန်တိုင်းဒေသကြီးတွင် ကျေးလက်ဒေသအချို့၌ တစ်ပိုင်တနိုင် ငါးတန်၊ ငါးမုန့်၊    ငါးမြစ်ချင်းနှစ်ပေါက်မွေးမြူသော ငါးမွေးမြူရေးလုပ်ငန်းများထုတ်လုပ်ဖြန့်ချိမှုအောင်မြင်လျက်ရှိကြောင်း သိရသည်။


ဓာတ်ပုံ -ကနူး   - ( ၁၁၂ )






အခြားဆက်စပ်သတင်းများ