ရန်ကုန် ဇွန် ၁၆
နိုင်ငံနှင့်တစ်ဝှမ်း ဆိုင်ကယ်အသုံးပြုစီးနင်းသူသည် ကုန်လမ်းသယ်ယူပို့ဆောင်ရေးဦးစီးဌာန(ကညန)တွင် မှတ်ပုံတင်ထားသည့်စာရင်းများအရ ၆ သန်းကျော်ရှိနေပြီထိုထိခိုက်ပျက်စီးလွယ်သောဆိုင်ကယ်များကို အာမခံထားရှိရန် ပြည်သူလူထုအနေဖြင့် အသိနည်းနေသေးကြောင်း ဇွန် ၁၆ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဝါးတန်းလမ်းရှိ ဗဟိုစည်အိမ်ရာဝင်း၌ကျင်းပသော Global World Insurance ၏ ဆိုင်ကယ်အာမခံလျော်ကြေးငွေပေးအပ်ပွဲမှသိရသည်။
ထိုအာမခံပေးအပ်ပွဲသည် Medical Action Myanmar INGO မှ KENBO ဆိုင်ကယ် 125 အနက်ကို Global World Insurance တွင် ပြီးခဲ့သည့်တစ်နှစ်ခန့်က အာမခံထားရှိခဲ့ပြီး ၂၀၁၉ ခုနှစ် မေလတွင် ကချင်ပြည်နယ် ပူတာအိုမြို့ ဒုတ္တန်ရပ်ကွက်(၅) ရဝမ်ရိုးရာမနောကွင်းရှေ့တွင်ပျောက်ဆုံးခဲ့သည်။ ယခုအခါ စုံစမ်းစစ်ဆေးမှု များပြုလုပ်ပြီး ဆိုင်ကယ်တန်ဖိုးအတိုင်း ကျပ် ၈၅၀ဝ၀ဝ ကိုလျော်ကြေးငွေအဖြစ်ပြန်လည်ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
"မြန်မာပြည်မှာ နိုင်ငံနှင့်တစ်ဝှမ်းမော်တော်ဆိုင်ကယ်အသုံးပြုသူတွေကများပြားသလို ဈေးကွက်ကြီးက လည်းကြီးပါတယ်။ ကျွန်တော်တို့ GWI အနေနဲ့ ၂၀၁၉ ခုနှစ် နှစ်စပိုင်းကတည်းက မော်တော်ဆိုင်ကယ်အာမခံကိုလက်ခံဆောင်ရွက်ပေးခဲ့တယ်။
ဆိုင်ကယ်အသုံးပြုသူက(ကညန) မှတ်ပုံတင်ယာဉ်အစီးရေနဲ့ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာ မှတ်ပုံတင်ဆိုင်ကယ်က ၆ သန်းကျော်ရှိပြီး ကားထက်ကို ၆ ဆလောက်များပါတယ်။ ဒါကို ဆိုင်ကယ်အာမခံထားရမယ်ဆိုတာပြည်သူတွေအကြားမှာ အသိနည်းနေပါတယ်။ ဆိုင်ကယ်က ထိခိုက်လွယ်တယ်ပျောက်ဆုံးလွယ်တယ်ပေါ့ ဒါကိုအာမခံထားရင်အသုံးပြုတဲ့ပြည်သူတွေအတွက် အလွန်ပဲ စိတ်ချယုံကြည်စွာအသုံးပြုနိုင်တယ်ဆိုတာသိစေလိုပါတယ်"ဟု Global World Insurance ဒါရိုက်တာ ဦးစိုးဝင်းသန်းက ပြောသည်။
ဆိုင်ကယ်အာမခံသည် ဆိုင်ကယ်တန်ဖိုး ကျပ် ၅ သိန်းလျှင် တစ်နှစ်အတွက်အာမခံကြေး ကျပ် ၃၀ဝ၀ဝ ပေးရပြီး ကျပ် ၁၀ သိန်းတန်ဆိုင်ကယ်ဆိုလျှင် ကျပ် ၆၀ဝ၀ဝ ခန့်ကျမည်ဖြစ်သည်။ ဆိုင်ကယ်များသည် ထိခိုက်မှုလွယ်ကူပြီး ပျောက်ဆုံးမှုများသည်လည်း မကြာခဏဖြစ်ပေါ်နေသည့်အတွက် ဆိုင်ကယ်များကို အလုံးစုံ အာမခံထားရှိမည်ဆိုလျှင် လုံခြုံစိတ်ချမှုရှိမည်ဖြစ်ကြောင်း၊ ဆိုင်ကယ်များပျက်စီးလျှင်၊ ဆုံးရှုံးလျှင် ဆိုင်ကယ်တန်ဖိုးအတိုင်းလျော်ကြေးပေးမည်ဖြစ်ပြီး ပျောက်ဆုံးလျှင် ရဲစခန်းတွင်တိုက်ချက်ဖွင့်ကာ တစ်နှစ် စောင့်ကြည့်ပြီး အမှန်တကယ်ပျောက်ဆုံးသွားလျှင် ဝယ်ရင်းတန်ဖိုးအတိုင်း အာမခံလျော်ကြေးငွေပေးအပ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဧပြီလကုန်အထိ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးတွင် မှတ်ပုံတင်ထားသောယာဉ်သည် ၇၄၅၀,ဝ၀ဝ ကျော်ရှိပြီးယင်းတို့အထဲတွင် ၆၁၀ဝ,၀ဝ၀ ကျော်သည် မော်တော်ဆိုင်ကယ် များဖြစ်ကြောင်း Global World Insurance မှ သိရသည်။
အောင်မြင့်ဌေး(မြို့တော်သတင်း)