နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယာဉ်စီးခ ရရှိသည့်ဝင်ငွေပမာဏနှင့် ချိန်ဆပြေးဆွဲနေရသည့်အတွက် YBS ယာဉ်အားလုံး ပြေးဆွဲနိုင်ခြင်းမရှိသေး

ရန်ကုန် ဇွန် ၁၆


YBSစီး ခရီးသည်အရေအတွက်နှင့် ယာဉ်စီးခဝင်ငွေပမာဏကို ချိန်ဆပြေးဆွဲနေရသည့်အတွက် လက်ရှိအချိန်ထိ YBS ယာဉ်အားလုံး ပြေးဆွဲနိုင်ခြင်း မရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင် ရေး ကြီးကြပ်ကွပ်ကဲမူ အာဏာပိုင်အဖွဲ့မှ သိရသည်။


''Covid-19 ကာလမတိုင်ခင်နဲ့ယှဉ်ရင် ခရီးသည်တစ်ဝက်တောင်မရှိသေးဘူး။ အခုက စီးတဲ့ခရီးသည်နဲ့ ညီမျှတဲ့ယာဉ်အစီးရေကို ပြေးဆွဲပေးနေရတာပါ။ အဲဒါတောင် CNG ဖိုးနဲ့ ယာဉ်လုပ်သားခလောက်ပဲ ရကြတယ်။ ယာဉ်ပြင်ဆင် ကုန်ကျစရိတ် အပါအဝင် ရုံးပိုင်းဆိုင်ရာ ကုန်ကျစရိတ်တွေကို ကုမ္ပဏီတွေက စိုက်ထုတ်နေကြရတုန်းပဲဆိုတော့ ရတဲ့ဝင်ငွေလေးနဲ့ အဆင်ပြေအောင် ပြေးဆွဲပေးနေကြရတာပါ။ ခရီးသည်တိုးရင်တော့ တိုးသလောက် ယာဉ်အစီးရေ တိုးချဲ့ပြေးဆွဲပေးမှာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ တွဲဖက် အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။


မြို့တွင်း YBS စီးခရီးသည်အနေဖြင့် Social Distancing အနေအထားဖြင့် စီးနင်းသွားလာရမည် ဖြစ်သော်လည်း ယခုကာလနှင့် ယခင် Covid-19 မဖြစ်ပွားမီကာလတို့ နှိုင်းယှဉ်ပါက လက်ရှိအချိန်တွင် ခရီးသည် ထက်ဝက်ဝန်းကျင်သာ စီးနင်းမှုရှိသည့်အတွက် ဝင်ငွေပမာဏနှင့်ချိန်ဆပြီး ယာဉ်များကို ပြေးဆွဲပေး နေရခြင်းဖြစ်ကာ အစိုးရထောက်ပံ့မှု ရရှိမှသာ ယာဉ်များအားလုံး ပြေးဆွဲပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။


ထို့ပြင်YBS ယာဉ်လိုင်းများတွင် တာဝန်ထမ်းဆောင်နေသည့် YBS ယာဉ်မောင်းများသည် Covid-19 ကြောင့် အလုပ်မှရပ်နားခံရပြီး ၄င်းတို့အနေဖြင့် ဥပဒေနှင့်ခံစားခွင့်များရရှိရန်အတွက် YRTA သို့တင်ပြထားကြောင်းသိရသည်။


“ကျွန်တော်အရင်ကတော့ Omni Focus ကုမ္ပဏီကယာဉ်လိုင်းမှာ မောင်းပါတယ်။ Covid-19 ကပ်ရောဂါဖြစ်တော့ စီးမယ့်ခရီးသည်တွေကမရှိတော့ဘူး။ ကုမ္ပဏီကစီးတဲ့ခရီးသည်တွေနည်းသွားတော့ ရှုံးတယ်ဆိုပြီးပြောလာတယ်။ နောက်ပိုင်းကျတော့ လစာစနစ်နဲ့မဟုတ်တော့ဘူး။ ရာခိုင်နှုန်းစနစ်နဲ့သွားမယ်ဆိုပြီးပြောတယ်။ အဆင်ပြေရင်မောင်း မပြေရင်မမောင်းနဲ့ပေါ့။ အခုလက်ရှိမှာလည်း အချို့ယာဉ်လိုင်းတွေက ယာဉ်လျှော့ပြီးပြေးနေတာဆိုတော့ အဆင်မပြေဘူး။ အလုပ်နားထားရတာကြာပါပြီ”ဟု YBS ယာဉ်မောင်းတစ်ဦးဖြစ်သူ ဦးထွန်းထွန်းက ပြောသည်။


Covid-19 မဖြစ်ပွားမီကာလတွင် နေ့စဉ် YBS စီးခရီးသည် ၁ ဒသမ ၈ သန်း မှ၂ ဒသမ ၅ သန်းအထိရှိခဲ့ပြီး ယာဉ်အစီး ၄,၄၀ဝ ကျော်ဖြင့် ပြေးဆွဲပေးခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် YBS စီးခရီးသည် ခုနစ်သိန်းကျော်ကိုယာဉ်အစီး သုံးထောင်ကျော်ဖြင့် ပြေးဆွဲပေးနေခြင်းဖြစ်ကြောင်း သိရသည်။


YBS ယာဉ်လိုင်းကုမ္ပဏီများအနေဖြင့် ယာဉ်မောင်းများကို ကုမ္ပဏီစနစ်နှင့်မသွားတော့ဘဲ ယခင်မထသ စနစ်တွင် ကျင့်သုံးခဲ့သည့် ခေါက်ရေစနစ်ဖြင့်သာ သွားနေကြောင်း သိရသည်။


လက်ရှိတွင် YRTA အနေဖြင့် YBS ယာဉ်လိုင်းများအရှုံးနှင့်ရင်ဆိုင်နေရသည့်အတွက် နေ့စဉ်ပေးသွင်း နေရသည့် စီမံခန့်ခွဲမှုရန်ပုံငွေကို ဇွန်လအထိ ထပ်တိုးရပ်ဆိုင်းပေးထားကြောင်း သိရသည်။


အောင်မြင့်ဌေး(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ