ရန်ကုန် ဇွန် ၁၆
ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်တွင် စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ပိုက်ချက်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခြင်းအခမ်းအနားကို ဇွန် ၁၆ ရက် နံနက် ၁၁ နာရီက ဘုရားလမ်းရပ်ကွက်၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာအေးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးနွယ်ထွန်းမြင့်က တင်ဒါစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကော့မှူးမြို့နယ်အတွင်း တင်ဒါပိုက်ချက်များပထမအကြိမ်ရောင်းချခြင်းကို အနည်းဆုံး လူအင်အားဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရာ တင်ဒါပိုက်ချက်(၁၆)ချက်အားရောင်းချခဲ့ရပြီး တင်ဒါခွန်(၇၀၃၇,၅၀၀)ကျပ်အား ပြည်သူ့ဘဏ္ဍာသို့ပေးသွင်းနိုင်ခဲ့ကြောင်း သိရသည်။
ကျော်သူရ (ပြန်/ဆက်)