ဇွန် ၁၆ ဝါရှင်တန်
ငှက်ဖျားရောဂါကုသသည့် hydroxychloroquine ဆေးကို ကိုရိုနာဗိုင်းရပ်စ် ကုသရာတွင် အရေးပေါ် အသုံးပြုခွင့်ပေးထားခြင်းကို အမေရိကန်နိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုအာဏာပိုင်အဖွဲ့(FDA)က ပြန်ရုပ်သိမ်းခဲ့သည်။ စမ်းသပ်အသုံးပြုမှု သက်သေအထောက်အထားသစ်အရ hydroxychloroquine ဆေးက ဗိုင်းရပ်စ်ကို ဆန့်ကျင်တိုက်ဖျက်နိုင်သည့် အာနိသင် ထုတ်ပေးသည်ဟု ယုံကြည်စရာမရှိကြောင်း FDA က ပြောသည်။ COVID-19 ရောဂါ ကာကွယ်နိုင်ရန် hydroxychloroquine ဆေးသောက်နေသည်ဟု ပြောခဲ့ဖူးသည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယင်း၏စကားများကို ပြန်လည်ကာကွယ်သွားခဲ့သည်။
FDA ၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ဒေါ်နယ်ထရမ့်က '' ကျွန်တော်လည်း အဲဒီဆေးသောက်ခဲ့တာပဲ။ အဆင်ပြေသလို ခံစားရပါတယ်။ ကျွန်တော် ဆေးသောက်တာ ၂ ပတ်ကြာတယ်။ ဒါနဲ့ပတ်သက်ပြီး စောဒကတက်စရာမရှိပါဘူး။ အခု ကျွန်တော် ဒီမှာရှိနေတာပဲ။ ကျွန်တော်တို့တွေ ရှိနေသေးတာပဲ''ဟု ပြောသည်။ hydroxychloroquine ဆေးက ယင်းတို့၏အသက်ကို ကယ်တင်ပေးခဲ့သည်ဟု လာပြောသူ အများအပြားရှိကြောင်း ဒေါ်နယ်ထရမ့်က ဆိုသည်။
ပြီးခဲ့သည့်မတ်လတွင် FDA က ဝေဒနာပြင်းပြင်းထန်ထန် ခံစားနေရသည့် ကိုရိုနာဗိုင်းရပ်စ်လူနာများကို အရေးပေါ်အခြေအနေမျိုးတွင် hydroxychloroquine ဆေးအသုံးပြုနိုင်သည်ဟု ခွင့်ပြုပေးခဲ့သည်။ သို့သော် hydroxychloroquine ဆေးက ကိုရိုနာဗိုင်းရပ်စ်ကို ကုသရာတွင် ထိရောက်မှုမရှိသကဲ့သို့ ရောဂါကူးစက်မခံရအောင် ကာကွယ်ပေးနိုင်ခြင်းမရှိကြောင်း ပြီးခဲ့သည့်တနင်္လာနေ့တွင် FDA က ဆုံးဖြတ်ခဲ့သည်။
(KNT)