နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့တွင် မကြာမီဖွင့်လှစ်တော့မည့် သီတဂူစက္ခုဒါနဆေးရုံ

ရန်ကုန်   ဇွန် ၁၅


ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးသည် ဇွန် ၁၅ ရက် နံနက်ခင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ အမှတ်-၁၀ ပင်လုံလမ်းတွင် တည်ရှိသော သီတဂူ ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ၈-ထပ်ကျောင်းဆောင်တွင် တည်ဆောက်ပြီးစီးသည့် "သီတဂူစက္ခုဒါနအဆင့်မြင့်ဆေးရုံ"ကို စစ်ဆေးကြည့်ရှု တော်မူခဲ့သည်။


ဇွန် ၁၅ ရက် နံနက် စက္ခုဒါနဆေးရုံ၌ တပ်ဆင်ထားသည့် ခေတ်မီစမ်းသပ်စစ်ဆေးသည့်စက်သစ် ကြီးများဖြင့် မျက်စိအထူးကု ဆရာဝန်ကြီးများဖြစ်ကြသော သီတဂူသာသနာပြုအဖွဲ့ဥက္ကဋ္ဌဒေါက်တာ မြအောင်၊ သီတဂူဒေါက်တာ သိန်းမြင့် (အင်္ဂလန်)နှင့် သီတဂူစက္ခုဒါနဆေးရုံတော်များ လှည့်လည်ကုသရေးတာဝန်ခံ သီတဂူဒေါက်တာစဂျေလွင်တို့က သီတဂူဆရာတော်ကြီး၊ ဗုဒ္ဓဂယာဆရာတော်ကြီးနှင့်ဝေဇယန္တာ ဆရာတော်ကြီး တို့ကို စတင်စမ်းသပ်စစ်ဆေးခြင်း မင်္ဂလာပြုခဲ့သည်။


သီတဂူစက္ခုဒါန အစီစဉ်စတင်ခဲ့သည့် ၁၉၉၃ခုနှစ်-ဇန်နဝါရီလမှ ၂၀၁၉ ခုနှစ်-ဒီဇင်ဘာကုန်အထိ စမ်းသပ် စစ်ဆေး ၅၂၂,၇၃၀ ဦး၊ ခွဲစိတ်ကုသလူနာ-၁၀၀,၈၅၄ ဦးတို့ကို စက္ခုဒါန အလင်းကုသိုလ် ပြုပေးနိုင်ခဲ့သည်။


လက်ရှိအချိန်အထိ သီတဂူဆရာတော်ကြီး တည်ထောင်ဖွင့်လှစ်ပြီးသော သီတဂူ-အာယုဒါန၊ အာရောဂျဒါန၊ စက္ခုဒါန ဆေးရုံတော်ပေါင်း-၃၇ ရုံရှိပြီး (ဆောက်လုပ်နေဆဲများမှာ) ၃၈။ စစ်ကိုင်းတိုင်း-ပုလဲမြို့၊ ၃၉။ တနင်္သာရီတိုင်း-ပုလောမြို့၊ ၄၀။ ရန်ကုန်တိုင်း-ဒဂုံမြို့သစ်မြောက်ပိုင်း၊ ၄၁။ တနင်္သာရီတိုင်း-မြိတ်မြို့၊ ၄၂။ စစ်ကိုင်းတိုင်း-ခန္တီးမြို့၊ ၄၃။ စစ်ကိုင်းတိုင်း-အင်းတော်မြို့၊ ၄၄။ မန္တလေးတိုင်း-ကူမဲမြို့ တို့ဖြစ်သည်။


သီတဂူဆေးရုံ အမှတ်စဉ်-၄၀ ဖြစ်သော သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်)ကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ဖွင့်လှစ်ရန် ခွင့်ပြုချက်ရရှိသည့်အခါသမယတွင် Grand Open မင်္ဂလာအခမ်းအနားဖြင့် မျက်စိဝေဒနာရှင်များကို စက္ခုဒါနကုသပေးမည်ဖြစ်ပါကြောင်း သိရသည်။


သီတဂူဆရာတော်ကြီးသည် နိုင်ငံအဝှမ်း ဆေးရုံတော်-၄၅ခု တည်ဆောက်ရန် ရည်စိတ်သန်လျက်ရှိပြီး လက်ရှိစာရင်းအရ အားလုံးပြီးစီးကာဖွင့်လှစ်ပါက မြန်မာနိုင်ငံတွင် သီတဂူ-အာယုဒါန၊ အာရောဂျဒါန၊ စက္ခုဒါန ဆေးရုံတော်ပေါင်း-၄၄ ခုဖြင့် ပြည်သူပြည်သားများ၏ ကျန်းမာရေးကဏ္ဍတို့ကို အားဖြည့်ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။


အောင်အောင်






အခြားဆက်စပ်သတင်းများ