နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်ဈေးကွက်အတွင်း တုပ်ကွေးကာကွယ်ဆေးများ ပြတ်လပ်တဲ့အထိဖြစ်နေ

ရန်ကုန် ဇွန် ၁၅


ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့တွင် တုပ်ကွေးကာကွယ်ဆေးများ ထိုးနှံမှုများပြားလာခြင်းကြောင့် ဈေးကွက် အတွင်းတွင်  ပြတ်လပ်သည့်အထိဖြစ်လာခဲ့ကြောင်း နိုင်ငံခြားဆေးဝါးပစ္စည်းမျိုးစုံအရောင်းဆိုင်များထံမှ သိရသည်။


“အခုရက်ပိုင်းက တော်တော်လေးလည်း များလာတယ်၊ ဆေးခန်းတွေကလည်း ဝယ်တာတွေရှိတယ်၊ ကျွန်တော်တို့လည်း လက်ကျန်မရှိတော့လို့ ထပ်မှာထားရတယ်”ဟု ရန်ကုန်မြို့ ဗိုလ်ချုပ်ဈေးသစ်အတွင်းရှိ နိုင်ငံခြားဆေးဝါးပစ္စည်းမျိုးစုံအရောင်းဆိုင် ဖွင့်လှစ်ထားသည့် ကိုမျိုးလှိုင်က ပြောသည်။ ထိုသို့သော ဝယ်ယူထိုးနှံသည့် တုပ်ကွေးကာကွယ်ဆေးမှာ လေးမျိုးစပ်ကာကွယ်ဆေးနှင့် သုံးမျိုးစပ်ကာကွယ်ဆေးဟူ၍ ဈေးကွက်အတွင်း၌ရောင်းချလျက်ရှိပြီး လေးမျိုးစပ်ကာကွယ်ဆေးမှာ Influenza B အမျိုးအစားများကိုပါ ပို၍ကာကွယ်နိုင်သောကြောင့် H1N1 နှင့် H3N2 ကဲ့သို့သော Influenza A မျိုးကွဲများအပြင် Victoria (သို့မဟုတ်) Yamagata အမျိုးအစား Influenza B မျိုးကွဲများကိုပါ ကာကွယ်ပေးနိုင်သည့်အတွက် လေးမျိုးစပ် ဆေးကို အများဆုံးထိုးနှံကြကြောင်း၊ ထိုသို့ထိုးနှံခြင်းကြောင့် ပစ္စည်းပြတ်လပ်ကာ ဆေးဆိုင်များတွင် ဝယ်၍ မရသောအခြေအနေမျိုးအထိ ဖြစ်ခဲ့ကာ Booking တင် အော်ဒါမှာရသော အခြေအနေမျိုးအထိ ဖြစ်ခဲ့ကြောင်း သိရသည်။ 


ထိုဆေးဝယ်ယူလိုသူများမှာ နိုင်ငံခြားဆေးဝါးပစ္စည်းအရောင်းဆိုင်များတွင် စရန်ငွေများပေးသွင်း၍ အော်ဒါတင်ကာ မှာယူထားရသောအခြေအနေမျိုးအထိဖြစ်လာခဲ့သလို မေလအတွင်းက ၁၉၀ဝ၀ ကျပ် ဝန်းကျင်ဖြင့် အလွယ်တကူဝယ်ယူရသောအခြေအနေမှ ဆေးလက်ကျန်ရှိနေသေးသည့် ဆေးဆိုင်အချို့တွင် ၂၅၀ဝ၀ ကျပ်အထိအဖြစ်လည်းကောင်း၊ အချို့သောအထွေထွေ ရောဂါကုဆေးခန်းများတွင် ထိုးနှံပေးမှုပါအပါ အဝင် ၃၀ဝ၀ဝ ကျပ် အထိ ဖြစ်လာခဲ့သည်။ “ဇွန် ၂၀ နောက်ပိုင်းတော့ ထပ်ရောက်မယ်ကြားပါတယ်၊ Booking လုပ်ပြီးတော့ အော်ဒါမှာထားမှ ရပါမယ်”ဟု ရန်ကုန်မြို့တွင် ဆိုင်ခွဲအများအပြားဖြင့် နိုင်ငံခြားဆေးပစ္စည်းမျိုးစုံကို ရောင်းချနေသော  ဆေးဆိုင်မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။


ထို့အပြင် အချို့သော အထွေထွေရောဂါကုဆေးခန်းများတွင် တုပ်ကွေးကာကွယ်ဆေးထိုးနှံ၍ရကြောင်းကို ဗီနိုင်းများဖြင့် ကြေညာထားရသည့် အဖြစ်များလည်း ဖြစ်လာခဲ့သည်။ လွန်ခဲ့သောနှစ်က ယခုလောက်အထိ ထိုးနှံမှုများပြားလေ့မရှိသော်လည်း ယခုနှစ်တွင် COVID 19 ရောဂါလည်း ကူးစက်ဖြစ်ပွားနေသည့်အတွက် ရောဂါလက္ခဏာအချို့မှာ တုပ်ကွေးဖျားနာမှုနှင့် ဆင်တူယိုးမှားဖြစ်တတ်သည့်အတွက် မိဘများက စိုးရိမ်ကာ မိမိတို့၏ သားသမီးများကို ဝယ်ယူထိုးနှံပေးကြခြင်းဖြင့် ဝယ်လိုအားမြင့်တက်လာခြင်းလည်းဖြစ်သည်။


 (HK)






အခြားဆက်စပ်သတင်းများ