ဇွန် ၁၅ ဘေဂျင်း
ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်း ရိုက်ခတ်မည်ကို စိုးရိမ်နေသည့် တရုတ်နိုင်ငံမြို့တော် ဘေဂျင်းမြို့တွင် ပြည်တွင်းကူးစက်မှုသစ် ၃၆ ခုဖြစ်ပွားခဲ့သည်။ ပြီးခဲ့သည့်စနေနေ့ကလည်း ဘေဂျင်းမြို့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသစ် ၃၆ ခု ဖြစ်ပွားခဲ့သည်။ ဘေဂျင်းမြို့တွင် ရက် ၅၀ ကျော်အထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမရှိခဲ့ရာမှ ရောဂါကူးစက်မှုသစ်များ ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ထိရောက်သည့် စည်းမျဉ်းများ ချမှတ်ရန် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ဆန်းချွန်လန်က တိုက်တွန်းခဲ့ပြီး နောက်ထပ်ကူးစက်ပျံ့နှံ့မှုများဖြစ်နိုင်ခြေ မြင့်မားနေဆဲဟု သတိပေးခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုသစ်များမှာ ဘေဂျင်းမြို့၏ အကြီးမားဆုံး လက်ကားဈေးကြီးနှင့် ဆက်နွှယ်နေသည်။ ရှင်ဖာဒီလက်ကားဈေးကြီးနှင့် ဆက်နွှယ်နေသည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ၇၉ ခု ရှိသည်ဟု Global Times သတင်းဌာနက ဖော်ပြသည်။ လီယောင်နင်၊ ဟူဘေနှင့် စီချွမ် စသည့် ပြည်နယ်သုံးခုတွင်လည်း ဘေဂျင်းမြို့နှင့် ဆက်နွှယ်နေသည့် ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ သို့မဟုတ် သံသယလူနာများ ရှိနေသည်။
ရှင်ဖာဒီဈေးတွင် ပြည်ပမှတင်သွင်းသည့် ဆယ်လ်မွန်ငါးများကို ခုတ်ထစ်ပိုင်းဖြတ်ရန် အသုံးပြုသည့် စဉ်းတီတုံးများပေါ်၌ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိသည်ဟု ဒေသခံမီဒီယာများက ဖော်ပြခဲ့ရာ ဘေဂျင်းမြို့ရှိ စူပါမားကတ်ကြီးများက ယင်းတို့၏ ပစ္စည်းစင်များပေါ်မှ ငါးများကို ဖယ်ရှားခဲ့သည်။
(KNT)