ဇွန် ၁၅ ဝါရှင်တန်
အမေရိကန်ရဲတပ်ဖွဲ့၏ ပစ်ခတ်ဖမ်းဆီးမှုကြောင့် အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသား နောက်တစ်ဦး သေဆုံးခဲ့ပြီးနောက် ရဲတပ်ဖွဲ့၏ အင်အားသုံးမှုအပေါ် ရှုတ်ချမှုများ ထပ်မံဖြစ်ပေါ်လာခဲ့သည်။ အသက် ၂၇ နှစ်ရှိသည့် ရေးရှက်ဘရွတ်ခ်မှာ ပြီးခဲ့သည့်သောကြာနေ့နှောင်းပိုင်းက အတ္တလန္တာမြို့ရှိ စားသောက်ဆိုင် ကားပါကင်တွင် ရဲအရာရှိများ၏ ဖမ်းဆီးခြင်းမခံဘဲ ထွက်ပြေးချိန်တွင် ပစ်ခတ်ဖမ်းဆီးခံရခြင်းဖြစ်သည်။
ယင်းကို ဆေးရုံတင်ပို့ခဲ့သော်လည်း နောက်ပိုင်းတွင် ဒဏ်ရာများဖြင့် ကွယ်လွန်ခဲ့သည်။ ရေးရှက်ဘရွတ်ခ် သေဆုံးခဲ့ခြင်းကြောင့် ဆန္ဒပြမှုများ ဖြစ်ပေါ်လာခဲ့သည်။ ရေးရှက်ဘရွတ်ခ်၏ တုံ့ပြန်လှုပ်ရှားမှုမှာ အင်အားသုံး ဖမ်းဆီးရန် မလိုအပ်ကြောင်း ဒီမိုကရက်တစ်ပါတီဝင် ထိပ်တန်းအောက်လွှတ်တော်အမတ် တစ်ဦးက ပြောသည်။ အဆိုပါဖြစ်ရပ်တွင် ရေးရှက်ဘရွတ်ခ်ကို ပစ်ခတ်ဖမ်းဆီးခဲ့သည့် ရဲအရာရှိကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီး အတ္တလန္တာမြို့ ရဲမှူးချုပ်မှာလည်း ရာထူးမှ နုတ်ထွက်သွားခဲ့သည်။ မေလ ၂၅ ရက်က မင်နီယာပိုလစ်မြို့တွင် ရဲအရာရှိကြောင့် လူမည်းအမျိုးသား ဂျော့ဖလွိုက်ဒ် သေဆုံးခဲ့ပြီးနောက် အမေရိကန်နိုင်ငံတစ်ဝန်းတွင် လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေးနှင့် ရဲတပ်ဖွဲ့၏ အင်အားသုံးမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့သည်။ ထိုစဉ်ကလည်း အတ္တလန္တာမြို့မှာ ဆန္ဒပြသည့် မြို့များတွင် ပါဝင်ခဲ့သည်။
(KNT)