နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စနစ်တကျ လိုက်နာစေချင်

ရန်ကုန်မြို့တော်တွင် လူဦးရေ တိုးတက်များပြားလာမှု၊ ယာဉ် စီးရေ တိုးတက်များပြားလာမှု၊ တစ်နိုင်ငံလုံးမှ ကုန်စည်များ စုစည်း ရောက်ရှိ၍ ကုန်သွယ်မှုထွက်ပေါက်ဖြစ်ခြင်း၊ ပြည်တွင်း၊ ပြည်ပ ခရီးသွားများ ဆုံစည်းရာ မြို‌တော်ဖြစ်ခြင်းတို့ကြောင့် ယာဉ်ကြော ကျပ်တည်းမှုများ ဖြစ်ပေါ်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ အသုံးပြုသည့် ယာဉ်အစီးရေများလည်း တိုးပွားလာသည်။ ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်း၊ လိုက်နာမှု အားနည်းသဖြင့် ယာဉ် မတော်တဆဖြစ်မှု ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုများ မကြာခဏ ဖြစ်ပေါ်နေသည်ကို တွေ့ရသည်။

ယာဉ်မောင်းသူ၊  လိုက်ပါစီးနင်းသူများအားလုံးအနေဖြင့် သတ်မှတ်ထားသော ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများကို အထူးလိုက်နာဆောင်ရွက်ကြ ရန် လိုအပ်သည်။ ကမ္ဘာတစ်ဝန်းတွင် လမ်းမပေါ်တွင် ယာဉ် မတော်တဆမှုများကြောင့် ၂၄ စက္ကန့်တွင် လူတစ်ဦးသေဆုံး ကြောင်း၊ နှစ်စဉ် လူပေါင်း ၁ ဒသမ ၃၅ သန်း သေဆုံးနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၁၈ ခုနှစ်က ထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း ယာဉ်တိုက်မှု ၇၈၂ မှု ဖြစ်ပွားခဲ့ပြီး ၃၈၅ ဦး သေဆုံးခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ ယာဉ် စည်းကမ်း များ ထိန်းသိမ်းရာတွင် အထောက်အကူပြုစေရန်လည်းကောင်း၊ ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းရေး၊ ခရီးသွားပြည်သူလူထု အဆင်ပြေစွာ ခရီးသွားလာနိုင်ရေး ယာဉ်များအကြောင်းမဲ့ ရပ်တန့် ခြင်း မပြုရန်နှင့် ခရီးသည်တင်ယာဉ်များ ရပ်၊ တင်၊ ချ စနစ် ကျင့်သုံးရေး ဆောင်ရွက်ပေးလျက်ရှိသည်။

သို့သော် ယာဉ်ကြောကျပ်တည်းမှုနှင့် ယာဉ်မတော်တဆ ဖြစ်ပွားမှု သိသာစွာလျော့နည်းခြင်း မရှိသည်ကိုတွေ့ရသည်။ ယာဉ် တိုက်မှုဖြစ်ပွားမှုများ လျော့ကျစေရန် သက်ဆိုင်ရာမြို့နယ်၊ ခရိုင် အလိုက် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။ ယာဉ်မောင်းသူများ၏ စည်းကမ်းတကျ မောင်းနှင်မှု လိုက်နာဆောင်ရွက်မှုများ အားနည်းလျက်ရှိသည်။

သို့ဖြစ်ရာ ရန်ကုန်မြို့တော်ကြီးတွင် ယာဉ်မောင်းသူများ၏ စည်းကမ်းတကျ မောင်းနှင်မှု  လိုက်နာဆောင်ရွက်မှု  ကိုယ်စီ အသိစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ရန်လိုအပ်သည်။ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စည်းကမ်း၊ စည်းမျဉ်းများကို  အလေးထားလိုက်နာ   ဆောင်ရွက်စေချင်       ကြောင်း။      ။






အခြားဆက်စပ်သတင်းများ