ဇွန် ၁၅ မနီလာ
ဖိလစ်ပိုင်ဂျာနယ်လစ် မာရီယာရက်ဆာမှာ ဆိုက်ဘာအသရေဖျက်မှုဖြင့် အပြစ်ရှိသည်ဟု တရားရုံးက အမိန့်ချမှတ်ခဲ့သည်။ အဆိုပါအမှုမှာ ဖိလစ်ပိုင်နိုင်ငံ၏ မီဒီယာလွတ်လပ်ခွင့်အပေါ် စမ်းသပ်မှုတစ်ခုဟု သတ်မှတ်ခံထားရသည်။ မာရီယာရက်ဆာက စွဲချက်များကို ငြင်းဆန်ခဲ့ပြီး နိုင်ငံရေးလှုံ့ဆော်မှုဖြစ်သည်ဟု ဆိုသည်။ မာရီယာရက်ဆာ တည်ထောင်ထားသည့် Rappler သတင်းဝက်ဘ်ဆိုက်တွင် စာရေးနေသူတစ်ယောက်မှာလည်း အပြစ်ရှိနေသည်ဟု စစ်ဆေးတွေ့ရှိခဲ့သည်။ အယူခံဝင်ရန် စောင့်ဆိုင်းနေချိန်ကာလအတွင်း ယင်းတို့နှစ်ယောက်ကို အာမခံဖြင့် ပြန်လွှတ်ထားသော်လည်း အယူခံမအောင်မြင်ခဲ့ပါက ထောင်ဒဏ် ၆ နှစ်အထိ ချမှတ်ခံရရန် ရှိနေသည်။
မာရီယာရက်ဆာနှင့် Rappler ဝက်ဘ်ဆိုက်၏ စာရေးသူတစ်ဦးကို ရုံးတင်စစ်ဆေးသည့် အဆိုပါအမှုမှာ သမ္မတ ဒူတာတေးအပေါ် ဝေဖန်သူများကို အသံတိတ်သွားအောင် ရည်ရွယ်သည်ဟု မီဒီယာလွတ်လပ်ခွင့် လှုပ်ရှားသူများက ပြောသည်။ သမ္မတ ဒူတာတေးနှင့် ယင်းအပေါ် အားပေးထောက်ခံသူများကတော့ မာရီယာရက်ဆာနှင့် ယင်း၏သတင်းဝက်ဘ်ဆိုက်က သတင်းတုများ ဖြန့်နေသည်ဟု စွပ်စွဲခဲ့သည်။
CNN သတင်းဌာနရဲ့ ဂျာနယ်လစ်တစ်ဦးဖြစ်သည့် မာရီယာရက်ဆာမှာ ၂၀၁၂ ခုနှစ်က Rappler သတင်းဌာနကို တည်ထောင်ခဲ့သည်။ Rappler သတင်းဌာနမှာ ဒူတာတေး၏ အစိုးရအဖွဲ့နှင့် သွေးချောင်းစီးသည့် မူးယစ်ဆေးဝါးစစ်ပွဲအပေါ် ဝေဖန်ရေးသားခဲ့သည့် သတင်းဌာနဖြစ်သည်။ မာရီယာရက်ဆာ စွဲချက်တင်ခံရမှုမှာ စီးပွားရေးသမားတစ်ဦးနှင့် တရားသူကြီးတစ်ဦးကြား ပတ်သက်ဆက်နွှယ်မှုရှိနေ သည်ဆိုသည့် ရေးသားဖော်ပြချက်နှင့်လည်း သက်ဆိုင်နေသည်။ အဆိုပါဆောင်းပါး ရေးသားဖော်ပြပြီး ၄ လအကြာဖြစ်သည့် ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် ဆိုက်ဘာအသရေဖျက်မှုဥပဒေ စတင်အကျုံးဝင်ခဲ့ခြင်းဖြစ်သည်။
(KNT)