ဇွန် ၁၅ ဝါရှင်တန်
COVID-19 ရောဂါကို လနှင့်ချီကုသခဲ့ရသည့် အမေရိကန်နိုင်ငံမှ လူနာတစ်ဦးမှာ ဆေးကုသစရိတ် အမေရိကန်ဒေါ်လာတစ်သန်း ကျသင့်သည့် ပြေစာကြောင့် နှလုံးရပ်မတတ် ခံစားခဲ့ရသည်ဟု ဆိုသည်။ အသက် ၇၀ အရွယ်ရှိသည့် မိုက်ကယ်ဖလောမှာ ဝါရှင်တန်ပြည်နယ်၊ အစ်ဆာကွာမြို့ ဆွီဒင်ကျန်းမာရေးစင်တာတွင် လနှင့်ချီ ဆေးရုံတက်ခဲ့ရပြီး အထူးကြပ်မတ်ကုသခန်းတွင် ၆၂ ရက်ကြာ ကုသမှုခံယူခဲ့ရသည်။ ယင်းမှာ သီတင်းပတ်များစွာ ကိုမာဝင်ခဲ့ပြီး သေလုနီးပါး အခြေအနေမှ ပြန်လည်သက်သာလာသူဖြစ်သည်။ သို့သော် ဆေးကုသစရိတ် အမေရိကန်ဒေါ်လာ ၁.၁ သန်း ကုန်ကျသည်ဟု တွေ့ရှိရပြီးနောက်မှာ မယုံနိုင်အောင် ဖြစ်ခဲ့ရသည်ဟု ဆိုသည်။
၁၈၁ မျက်နှာပါဝင်သည့် ပြေစာတွင် အမျိုးအစား ၃၀၀၀ နီးပါးအတွက် ကုန်ကျစရိတ်များကို ရေးသားထားသည်။ အထူးကြပ်မတ်ကုသခန်းတွင် တစ်ရက်ကုသစရိတ်မှာ အမေရိကန်ဒေါ်လာ ၉၇၀၀ ကုန်ကျသည်။ သို့သော် မိုက်ကယ်ဖလောမှာ Kaiser Permanente ကုမ္ပဏီတွင် ဆေးကုသမှု အာမခံထားရှိသည့်အတွက် ယင်း၏ ဆေးကုသစရိတ် အများစုကို ကိုယ်တိုင်ပေးဆောင်ရန် မလိုအပ်ပေ။ Kaiser Permanente ကျန်းမာရေးစောင့်ရှောက်မှုကုမ္ပဏီမှာ ၂၀၂၀ ပြည့်နှစ်တစ်နှစ်လုံး COVID-19 လူနာများအတွက် ကုန်ကျစရိတ်အများစု စိုက်ထုတ်ပေးသွားမည်ဟု ကြေညာထားသည်။
(KNT)