မြန်မာနိုင်ငံသည် ဆန်စပါးအဓိကစိုက်သည့်နိုင်ငံဖြစ်၏။ မကြာသေးမီနှစ်များကစပြီး မိုးစပါးတစ်သီးစားမှ နွေစပါးကို ကျယ်ပြန့်စွာ စိုက်ပျိုးလာ၏။ ထို့အပြင် ဆီထွက်သီးနှံ မြေပဲ၊ နေကြာ၊ နှမ်း၊ ပဲ အမျိုးမျိုးစိုက်ပျိုးလာကြသည်။
အထူးသဖြင့် ရေကောင်း၊ မြေကာင်းသည့်နေရာများတွင် စိုက်ပျိုးရေးနည်းပညာများဖြန့်ဖြူးပေးခြင်းနှင့် မျိုးကောင်း မျိုးသန့်များ ရွေးချယ်စိုက်ပျိုးခြင်းတို့ကို ဦးစားပေးဆောင် ရွက်လျက်ရှိသည်။ နေကြာသည် မိုးဦး၊ မိုးလယ်၊ မိုးနှောင်း စိုက်ပျိုးနိုင်သကဲ့သို့ မြန်မာနိုင်ငံဒေသအနှံ့အပြား၌ အောင်မြင်စွာ စိုက်ပျိုးနိုင်ခြင်းကြောင့် စိုက်ဧကတိုးချဲ့ရေးနှင့် တစ်ဧက အထွက်နှုန်းတိုးရေးအတွက် ကောင်းမွန်သောအခြေအနေ တွင်ရှိသည်။
တောင်သူများ လက်တွေ့အကောင်အထည်ဖော်အကျိုး ကျေးဇူးများရရှိရေးအတွက် မျိုးကောင်း မျိုးသန့် မျိုးစေ့များ၊ သိပ္ပံနည်းကျစိုက်နည်းစနစ်များကို တောင်သူများအား ပညာပေးစိုက်ပျိုးလျက်ရှိသည်။ ဆီထွက်သီးနှံနေကြာကို လျာထားချက်ပြည့်မီကျော်လွန်အောင် တိုးချဲ့စိုက်ပျိုးနိုင် ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် ကြိုးပမ်းလျက်ရှိသည်။
တောင်သူလယ်သမားများ၏ တစ်ပိုင်တစ်နိုင် အလေ့အထ အဆင့်ဆင့်မှ ဈေးကွက်ဝင်သီးနှံအမယ်များရွေးချယ်စိုက်ပျိုး ပြီး ဈေးကွက်အရောက် တင်ပို့ရောင်းချသည့်အဆင့်အထိ ပြောင်းလဲဖော်ဆောင်ရပေမည်။
ပြည်တွင်းစားသုံးမှုဖူလုံပိုလျှံသော သီးနှံအမယ်များကို ပြည်ပဈေးကွက်သို့တင်ပို့ရောင်းချနိုင်ရေး၊ ပြည်ပဈေးကွက် လိုအပ်ချက်အရည်အသွေးနှင့် ထုတ်လုပ်မှုအရေအတွက် အချိန်ကိုက်စိုက်ပျိုးထုတ်လုပ်သော စိုက်ကွင်းများ အကောင် အထည်ဖော်ကြရမည်ဖြစ်သည်။
ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်နှုန်း ကောင်းမွန်သည့် ဆီထွက်နေကြာကို စိုက်ပျိုးခြင်းသည် ဈေးကွက်သေချာခြင်းနှင့် လူတို့၏ ကျန်းမာရေးအတွက် အထောက်အကူပြုခြင်းကြောင့် တိုးချဲ့စိုက်ပျိုးရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ တောင်သူလယ်သမားများအနေဖြင့် ရာသီ သီးနှံများကို တစ်နှစ်ပတ်လုံး ကြိုးပမ်းစိုက်ပျိုးကြစေ ချင်ကြောင်း ။ ။